#World_Health
Published 29 September 2022

 

ကိုယ်ဝန်ဆောင်စဉ် စိုးရိမ်ပူပန်နေခြင်းက လမစေ့ဘဲမွေးနိုင်ချေ ပိုများကြောင်း လော့စ်အိန်ဂျလိစ် ကယ်လီဖိုးနီးယားတက္ကသိုလ်မှ သုတေသီများက လေ့လာတွေ့ရှိထားပါတယ်။

 

စိုးရိမ်ပူပန်စိတ်က အန္တရာယ်ဖြစ်လာနိုင်တဲ့ အကြောင်းအရင်းလားဆိုတာ သေချာသိရှိရန် နောက်ထပ်ကိုယ်ဝန်ဆောင်များကို စစ်ဆေးဖို့ တောင်းဆိုနေကြပါတယ်။

 

ကိုယ်ဝန်ဆောင် ၄ ယောက်မှာ ၁ ယောက်နှုန်းက စိုးရိမ်ပူပန်မှုတွေ ခံစားရတယ်လို့ အရင်ကလည်း တွေ့ရှိထားပါတယ်။

 

စိုးရိမ်ပူပန်တဲ့အခါ စိတ်ဖိစီးမှုဟော်မုန်းထွက်လာပြီးတော့ စောစီးစွာမွေးဖွားတတ်ပါတယ်။

 

၃၇ ပတ်မတိုင်ခင် စောမွေးလာတဲ့ကလေးတွေဟာ အသက်ရှူခက်ခဲတဲ့ပြဿနာများ၊ ရောဂါကူးစက်မှုများ၊ အသည်းရောင်အသားဝါ စသဖြင့် ဖြစ်နိုင်ချေများပါတယ်။

 

ဒါ့အပြင် စာသင်တဲ့အခါ ပိုပြီးအခက်အခဲတွေ့လာရတတ်ပါတယ်။
အမေရိကန်မှာ ကလေးအယောက် ၁၀၀ မွေးရင် ၁၀ ယောက်လောက်က စောမွေးတတ်ပါတယ်။

 

အမေရိကန်မှ အသက် ၃၁ နှစ်ပျမ်းမျှရှိတဲ့ ကိုယ်ဝန်ဆောင် ၁၉၆ ယောက်ကို လေ့လာခဲ့ကြကာ ၅၅ ရာခိုင်နှုန်းလောက်က ပထမကိုယ်ဝန်တွေဖြစ်ပါတယ်။

 

ကိုယ်ဝန်ကာလအပိုင်းအခြားအလိုက် သုတေသီတွေက စိတ်ဖိစီးမှုအတိုင်းအတာ ၄ မျိုးနဲ့ စမ်းသပ်ခဲ့ကြပါတယ်။

 

မွေးဖွားခြင်း၊ ပြုစုပျိုးထောင်ခြင်း၊ ငွေရေးကြေးရေးများနဲ့ပတ်သက်ပြီး ကိုယ်ဝန်ဆောင်ကာလအတွင်း စိုးရိမ်ပူပန်များအကြောင်း မေးမြန်းခဲ့ကြပါတယ်။

 

၂၀၁၃ မှ ၂၀၁၈ အတွင်း မွေးခဲ့တဲ့သူတွေကို လေ့လာခဲ့ကြတာကြောင့် ကိုဗစ်ကပ်ရောဂါနဲ့တော့ မသက်ဆိုင်ခဲ့ပါဘူး။

 

ကိုယ်ဝန်ဆောင်ကာလပထမအပိုင်းအခြားအတွင်း စိုးရိမ်ပူပန်စိတ်များခဲ့တဲ့သူတွေက စောစီးစွာမွေးဖွားနိုင်ချေများခဲ့တာကို သိသိသာသာတွေ့ရှိရပါတယ်။

 

ဆေးလိပ်သောက်ခြင်း၊ အဝလွန်ခြင်းစတဲ့ အချက်အလက်များပါ ထည့်တွက်ရင်တောင် ရလာဒ်တွေက အတူတူပဲဖြစ်ပါတယ်။

 

လူတစ်ယောက်က မွေးဖွားခြင်း၊ ငွေရေးကြေးရေးကိစ္စတွေမှာ အချိန်ကြာမြင့်စွာ စိုးရိမ်လာရာကနေ တော်တော်နဲ့ ခံစားမှုလျော့ပါးမသွားပါဘူး။

 

ဂနာမငြိမ်ခြင်း၊ အထိမခံခြင်း၊ ကိုယ်ဝန်ဆောင်ကာလအတွင်း အာရုံမစူးစိုက်နိုင်ခြင်းတို့က စိုးရိမ်ပူပန်ခြင်းရဲ့လက္ခဏာတွေပါ။

 

စိတ်ဖိစီးခြင်းနဲ့ လမစေ့မွေးဖွားခြင်းတို ဆက်စပ်နေပေမယ့် အကြောင်းအရင်းကိုတော့ လေ့လာနေကြဆဲဖြစ်ပါတယ်။

 

Source: Daily Mail
#Yangon_Media_Group