#World_News
Published 3 September 2022

 

အမေရိကန်အနောက်ပိုင်းဒေသမှာ အပူလှိုင်းဖြတ်သန်းလျက်ရှိကာ ပုံမှန်ထက် အပူချိန် ၃ ဆလောက်မြင့်တက်နေပါတယ်။

 

"ကျွန်မတို့အိမ်မှာ လေအေးပေးစက်မရှိပါဘူး၊ ပန်ကာတစ်လုံးပဲရှိပါတယ်၊ အိမ်မှာမနေနိုင်တော့လို့ လေအေးပေးစက်ဖွင့်တဲ့နေရာတွေကို လာရတာပါ" လို့ အငြိမ်းစားတစ်ဦးဖြစ်သူ'နယ်လီအာမာယာ'က AFP ကို ပြောကြားခဲ့ပါတယ်။

 

အပူချိန်က ကြောက်စရာကောင်းလောက်အောင် မြင့်တက်နေတာကြောင့် ဒေသအရေးပေါ်ဌာနမှ လေအေးပေးစင်တာနေရာ ၄၀ ကို ဖွင့်လှစ်ပေးခဲ့ကာ လော့စ်အိန်ဂျလိစ်က လူပေါင်းများစွာဟာ ထိုလေအေးပေးစင်တာများသို့ လာရောက်ကြပါတယ်။

လေအေးပေးစင်တာတွေကို စာကြည့်တိုက်တွေ၊ အပန်းဖြေစင်တာ၊ ပန်းခြံ၊ သက်ကြီးဂေဟာတွေမှာ ပြုလုပ်ထားပြီး အပူချိန်မြင့်တက်နေတဲ့ နေ့ပိုင်းတွေမှာ လေအေးပေးစက်ဖွင့်ထားပေးကာ အချိုရည်အေးများဖြင့် ထောက်ပံ့ပေးထားပါတယ်။

 

မိုးလေဝသဌာနတွေက ကယ်လီဖိုးနီးယားမှ နေရာအများစုအပြင် နီဗါဒါ၊ အရီဇိုနာ အချို့နေရာများမှာလည်း အပူလွန်ကဲနိုင်ပြီး အပူချိန် ၁၁၀ ဒီဂရီဖာရင်ဟိုက် ( ၄၃ ဆဲလ်စီးယပ်စ် ) အထိရှိနိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။

 

ယခုရက်သတ္တပတ်ရုံးပိတ်ရက်ကိုကျော်ပြီး နောက်အပတ်အထိ ကြာမြင့်နိုင်ကာ ညဘက်မှာတော့ အပူချိန်ကျဆင်းတာကြောင့် ခံသာတယ်လို့ ပြောလို့ရပါတယ်။

 

အပူချိန်များလာခြင်းက ရက်ကြာလာပြီး ညဘက်တွေမှာပါ ပူလာမယ်ဆိုရင်တော့ လူ့ခန္ဓာကိုယ်ကို ထိခိုက်မှုရှိလာနိုင်ပြီး နာမကျန်းဖြစ်လာနိုင်ကာ အသက်သေဆုံးသည်အထိဖြစ်လာနိုင်တယ်လို့ ဆရာဝန်များက ဆိုပါတယ်။

 

အပူချိန် ၁၀၀ ဒီဂရီဖာရင်ဟိုက်ကျော်လာတဲ့အချိန်မှာ အကူအညီလိုအပ်မယ့်သူတွေကို အတတ်နိုင်ဆုံး ရှာဖွေကူညီဖို့စီစဉ်ထားကြောင်း လော့စ်အိန်ဂျလိစ်အရေးပေါ်စီမံဌာနမှ 'ဟိုဆက်ပ်ရစ်ဆာ'က ပြောပြခဲ့ပါတယ်။

 

အပူလှိုင်းက လူနေမှုအဖွဲ့အစည်းတွေကို မျှမျှတတသက်ရောက်တာတော့မဟုတ်ပါဘူး။

 

ဒေသအစွန် အဖျားကလူတွေနဲ့ ဆင်းရဲနွမ်းပါးတဲ့ အသိုင်းအဝိုင်းတွေက ပိုပြီးတော့ ခံစားရနိုင်ပါတယ်။

 

အိမ်ခြေရာမဲ့လူတွေ၊ အပြင်ဘက် နေပူကြီးထဲ အလုပ်လုပ်ရသူတွေ၊ သစ်ပင်ရိပ်မရှိတဲ့ အိမ်ကလူတွေ၊ ကားလမ်းမနဲ့နီးတဲ့အိမ်ကသူတွေက ပိုပြီးတော့ အန္တရာယ်များပါတယ်။

 

"လေအေးပေးစက်မရှိတဲ့အိမ်က လူတွေ၊ အိမ်မရှိတဲ့လူတွေ၊ အပူဒဏ်သက်သာအောင် ရှာကြံနေထိုင်တဲ့လူငယ်တွေ၊ လေအေးပေးစက် မကောင်းတဲ့အိမ်ကလူတွေ ဖြစ်ပါတယ်"လို့ 'ရစ်ဆာ'က ဆိုပါတယ်။

 

ကယ်လီဖိုးနီးယား လျှပ်စစ်ဓာတ်အားပေးစက်ရုံက အိမ်တွေကို လျှပ်စစ်ဓာတ်အား ခြိုးခြံချွေတာသုံးစွဲဖို့ တောင်းဆိုထားပါတယ်။

 

သိပ္ပံပညာရှင်တွေကတော့ ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာများ အသုံးပြုခြင်းကြောင့် ကမ္ဘာကြီးပူနွေးလာရကာ ရာသီဥတုပြောင်းလဲမှုများ ပြင်းထန်လာရကြောင်း သတိပေးလိုက်ပါတယ်။

 

အပူလှိုင်းတွေက ပိုပိုပြီး ပူပြင်းလာကာ မုန်တိုင်းတိုက်တဲ့အခါ ရေကြီးရေလျှံတာတွေ အဖြစ်များလာပြီး အန္တရာယ်ပိုများလာတဲ့ သဘောတရားပါပဲ။

 

#Source: rfi
#Yangon_Media_Group