#World_Climate
Published 1 September 2022

 

အမေရိကန်အနောက်ပိုင်းမှာ အပူလှိုင်းဖြတ်နေတာကြောင့် ပြည်နယ်သားတွေကို လျှပ်စစ်ဓာတ်အားလျှော့သုံးဖို့ ကယ်လီဖိုးနီးယားအုပ်ချုပ်ရေးမှူးက ဗုဒ္ဓဟူးနေ့မှာ အရေးပေါ်ကြေညာချက် ထုတ်ပြန်လိုက်ပြီး အခြေအနေပိုဆိုးလာပါက ဓာတ်အားပြတ်တောက်မှုများ ရှိလာနိုင်ကြောင်း အရာရှိများက သတိပေးထားပါတယ်။

 

အုပ်ချုပ်ရေးမှူး'ဂေဗင်နယူဆမ်'ကြေညာပြီးနောက် ကယ်လီဖိုးနီးယားအော်ပရေတာတစ်ခုကနေ ကြာသပတေးနေ့အထိ ဆက်လက်ထိန်းသိမ်းသုံးစွဲဖို့ ညွှန်ကြားထားပါတယ်။

 

အပူလှိုင်းက ကယ်လီဖိုးနီးယားတောင်ပိုင်းနဲ့ စင်ထရယ်ဗယ်လီအထိ ဆက်လက်ဖြတ်သန်းနေကာ အပူချိန် ၃ ဆလောက်မြင့်တက်နေပါတယ်။

 

ကယ်လီဖိုးနီးယားမြောက်ပိုင်းအထိ ရောက်ရှိလာနိုင်ကာ နောက်အပတ်အထိ အပူလှိုင်းလွှမ်းခြုံလာနိုင်ပြီး အချို့နေရာတွေမှာ စံချိန်တင်အပူချိန်ရောက်ရှိနိုင်ပါတယ်။

 

အပူချိန်က ပုံမှန်ထက် ၁၀ ကနေ ၂၀ ဒီဂရီလောက်အထိ မြင့်တက်လာတာကြောင့် လေအေးပေးစက်များ ဖွင့်ထားကြမှာဖြစ်ပြီး လျှပ်စစ်ဓာတ်အားသုံးစွဲမှု အလွန်များလာနိုင်ပါတယ်။

 

'နယူဆမ်'က ဒီအချိန်မှာ စွမ်းအင်ပိုမိုတိုးမြှင့်ထုတ်လုပ်ရန်နဲ့ လေထုညစ်ညမ်းမှုမူဝါဒများကို ဖြေလျှော့ထားရန် ကြေညာလိုက်ပါတယ်။

 

"ကျွန်တော်တို့က သဘာဝပတ်ဝန်းကျင်ကို အံတုဖို့ကြိုးစားကြပေမယ့် မယှဉ်နိုင်ခဲ့ပါဘူး၊ တကယ်တမ်းတော့ အပူလွန်ကဲခြင်း၊ မိုးခေါင်ရေရှားခြင်း၊ ရေကြီးခြင်းစတဲ့ ပြဿနာတွေအမြဲကြုံတွေ့နေရပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

 

အစောပိုင်းရက်တုန်းက အရေးပေါ်ကြေညာဖို့ မလိုအပ်သေးပေမယ့် ရုတ်တရက်ကြီး အပူချိန်အလွန်မြင့်တက်လာတာဖြစ်ပါတယ်။

 

ပစိဖိတ်အနောက်မြောက်မှ ဟိုက်ဒရိုစွမ်းအင်တင်သွင်းမှုနဲ့ အနောက်တောင်ကန္တာရမှ စွမ်းအင်တွေက ရာသီဥတုပူလာတဲ့အချိန်မှာ မလုံလောက်တော့ပါဘူး။

 

ဓာတ်အားပြတ်တောက်နိုင်ပေမယ့်လည်း လူတွေက သုံးစွဲမှုလျှော့ချရင်တော့ မဖြစ်လာနိုင်ပါဘူးလို့ 'အယ်လီယော့မိန်ဇာ'က ပြောပြပါတယ်။

 

လွန်ခဲ့တဲ့ ၂ နှစ်က ဓာတ်အားပြတ်တောက်ပြီးနောက်ပိုင်း ဓာတ်အားထောက်ပံ့ရန် စီမံကိန်း ၁၆၀ ကျော်နဲ့ ၄ ထောင်မက်ဂါဝပ်သိုလှောင်ထားပေမယ့် မိုးခေါင်ရေရှားမှုဒဏ်ကြောင့် ပြည်တွင်းဟိုက်ဒရိုစွမ်းအင်ထုတ်လုပ်မှု သိသိသာသာလျော့ကျနေပါတယ်။

 

ဓာတ်အားလိုအပ်ချက်အတွက် ဒီဇယ်စက်များမောင်းတဲ့အခါ လေထုညစ်ညမ်းနိုင်ပေမယ့် လျှပ်စစ်ဓာတ်အားရရှိဖိုက ပိုပြီးအရေးကြီးကြောင်း စွမ်းအင်အကြံပေးအရာရှိ'ကယ်ရင်ဒူးဂလပ်စ်'က ပြောပြပါတယ်။

 

အအေးပေးစနစ်အသုံးပြုနေတဲ့စင်တာများ ဖွင့်ခိုင်းထားပြီး ပြည်သူတွေအနေနဲ့ စာကြည့်တိုက်တို့ မီနီမားကတ်တို့လိုနေရာတွေမှာ သက်တောင့်သက်သာဖြစ်အောင်နေထိုင်ရန် အရာရှိများက အကြံပြုထားပါတယ်။

 

လုပ်အားပေးများက ရေခဲရေဗူးများကို လှည်းနဲ့တင်ပြီး လိုက်ဝေနေတာကို မြင်တွေ့ကြရပါတယ်။

 

နေရာဒေသများအလိုက် မီးသတ်သမားများကိုလည်း အဆင်သင့်နေရာချထားဖို့ ကယ်လီဖိုးနီးယားတောတောင်နဲ့ မီးဘေးကာကွယ်ရေးဌာနက စီစဉ်နေပါတယ်။

 

တနင်္လာနေ့က ကယ်လီဖိုးနီးယားမှာ ဓာတ်အားသုံးစွဲမှု ၄၈,၀၀၀ မက်ဂါဝပ်အထိ ရောက်ရှိသွားခဲ့ကာ ယခုနှစ်အတွင်း အများဆုံးဖြစ်သွားခဲ့ပြီး ဗုဒ္ဓဟူးနေ့မှာတော့ ဒီထက်ပိုများသွားခဲ့ပါတယ်။

 

မိုးလေဝသဌာနများက အပူချိန် ၃ ဆတက်လာနိုင်ကာ ညဘက်တွေမှာ အနည်းငယ်လျော့ကျနိုင်ပြီးတော့ အနောက်နိုင်ငံနေရာအများအပြားမှာ တောမီးလောင်ကျွမ်းမှုဖြစ်လာနိုင်ကြောင်း သတိပေးထားပါတယ်။

 

"ဒီတစ်ပတ်ကတော့ အမေရိကန်အနောက်ပိုင်းမှာ အပူလှိင်းက စံချိန်တင်ဖြတ်သန်းနေဦးမှာဖြစ်ပါတယ်" လို့ အမျိုးသားမိုးလေဝသဌာနက ကြေညာခဲ့ပါတယ်။

 

Source: AP News
#Yangon_Media_Group