#Health_Technology
Published 20 August 2022

 

တိုကျိုအစိုးရ အချက်အခြာအဆောက်အအုံတစ်ခုမှာ အလိုအလျောက်ကင်းလှည့်နေတဲ့ စက်ရုပ် ၃ ရုပ်ကို လုံခြုံရေးတာဝန်ပေးအပ်ထားပါတယ်။

 

ထိုစက်ရုပ်တွေဟာ တိုကျို Seqsense ကုမ္ပဏီမှထုတ်လုပ်တဲ့ SQ-2 ပုံစံဖြစ်ပြီး အဆောက်အအုံအတွင်းက လူတွေရဲ့လုံခြုံရေးအချက်အလက်များကို တိုက်ရိုက်ရိုက်ကူးကြည့်ရှုနိုင်မယ့် ကင်မရာများ တပ်ဆင်ထားပါတယ်။

 

RD-D2 စက်ရုပ်များနဲ့ ပိုမိုဆင်တူပြီး ခေါင်းမှာ လှည့်လည်နိုင်တဲ့ကင်မရာများပါဝင်ကာ ဘေးပတ်ပတ်လည်ကို 3D သုံးဖက်မြင်အတိုင်း ကြည့်ရှုနိုင်ပါတယ်။

 

ကင်းလှည့်ရမယ့်နေရာတွေက အတားအဆီးများကို ရှောင်ရှားနိုင်ပြီး လူတွေကိုစစ်ဆေးနိုင်မယ့် ဉာဏ်ရည်တုများ ထည့်သွင်းပေးထားပါတယ်။

 

လူတွေက လက်ဟန်ဖြင့် အကူအညီတောင်းနိုင်အောင် အာရုံခံကိရိယာတပ်ဆင်ထားကာ လုံခြုံရေးဝန်ထမ်းလူသားဆီကနေ အကူအညီရယူနိုင်မှာဖြစ်ပေမယ့် တကယ့်လုံခြုံရေးဝန်ထမ်းလိုမျိုးတော့ တာဝန်တွေကို ထမ်းဆောင်နိုင်မှာ မဟုတ်ပါဘူး။

 

အဓိကကတော့ ဝန်ထမ်းအင်အားနည်းပါးတဲ့ကာလမှာ ဈေးနှုန်းသက်သာစွာဖြင့် အစားထိုးနိုင်ဖို့ဖြစ်ကြောင်း တိုကျိုအချက်အခြာအစိုးရအဆောက်အအုံမှ မန်နေဂျာက Japan Today သတင်းဌာနထံ ပြောကြားခဲ့ပါတယ်။

 

ထိုစက်ရုပ်တွေနဲ့ ပတ်သက်ပြီး ပြည်သူတွေက အောက်ပါအတိုင်း အမျိုးမျိုးမှတ်ချက်ပေး တုံ့ပြန်လာကြပါတယ်။

 

"သူတို့ခေါင်းမှာ လည်နေတဲ့ဟာတွေက ကြောက်စရာတောင် ကောင်းပါတယ်"

 

"RD-D2 ပုံစံက မရလိုလား?"

 

"ကိုယ့်ကိုယ်ကိုကာကွယ်ရေးစနစ်ဆိုပြီး လက်နက်တွေများ ပါသေးလား"

 

"၃၆၀ ဒီဂရီလှည့်နိုင်တဲ့ လုံခြုံရေးကင်မရာတွေသာ တပ်လိုက်ပါလား"

 

"ညဘက်များတွေ့လိုက်ရရင် လုံခြုံရေးဝန်ထမ်းတွေထက်တောင် ကြောက်ဖို့ကောင်းသေးတယ်"

 

"အဲဒါကို ဆောင့်ကန်လိုက်လိုရလား"

 

"အဲဒီအစား ဘော်စ်တွန်စက်ရုပ်ခွေးတွေကိုသာ သုံးလိုက်ပါလား" စသဖြင့် ရေးသားထားကြပါတယ်။

 

'အီလွန်မက်စ်'ရဲ့ Tesla ကုမ္ပဏီကထုတ်လုပ်တဲ့ Tesla Optimus လူသားစက်ရုပ်ကို မျှော်လင့်နေကြချိန်မှာ Seqsense ရဲ့စက်ရုပ်တွေက လူအများ လိုချင်တဲ့ပုံစံနဲ့ အတော်လေးကွာခြားနေပါတယ်။

 

Tesla စက်ရုပ်က စက်မှုလုပ်ငန်းများအတွက် ရည်ရွယ်ပြီး လူသားတစ်ယောက်ကဲ့သို ခြေလက်တွေနဲ့ ပုံပန်းသဏ္ဍာန်ရှိပါတယ်။

 

အရွယ်ရောက်ပြီးသူတစ်ဦးရဲ့ အရပ်နဲ့ကိုယ်အလေးချိန်နီးပါးရှိပြီး ပစ္စည်းသယ်ယူခြင်း၊ ခပ်သွက်သွက်လမ်းလျှောက်ခြင်းများ လုပ်ဆောင်နိုင်ကာ လူသားတွေနဲ့ မျက်နှာပေါ်က ဖန်သားပြင်ကနေ ဆက်သွယ်ပြောဆိုနိုင်ပါတယ်။

 

Source: Daily Mail
#Yangon_Media_Group