#World_News
Published 18 August 2022

 

ထိုင်းမြောက်ပိုင်းခေါက်ဆွဲ(Khao Soi)ဟာ ကမ္ဘာပေါ်က အကောင်းဆုံးစွပ်ပြုတ်ဟင်းလျာ ၅၀ မျိုးထဲမှာ ပါဝင်ခဲ့ပြီးနောက် ကမ္ဘာ့အဆင့်မှာ တိုင်းပြည်ရဲ့စီးပွားရေးအားသာချက်ကို မြှင့်တင်သွားနိုင်ရန် အဆိုပါဟင်းလျာကို အသုံးချပြီး ဈေးကွက်ချဲ့ထွင်သွားမှာဖြစ်ကြောင်း ထိုင်းနိုင်ငံဝန်ကြီးချုပ်'ပရာယွတ်ချန်အိုချာ'က အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။

 

အစိုးရမှကြီးမှူးပြုလုပ်တဲ့ ဘန်ကောက်အစားအစာပြပွဲမှာ မြောက်ပိုင်းရိုးရာ Khao Soi ခေါက်ဆွဲကို ဝန်ကြီးချုပ်က စားသုံးမြည်းစမ်းပြီးနောက် "နိုင်ငံခြားသားတွေကြား ထိုင်းအစားအစာတစ်ခု နာမည်ရလာတာ တကယ်ကိုသတင်းကောင်းဖြစ်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

 

Khao Soi ကို အုန်းနို့ဖြင့်ပြုလုပ်ထားပြီး အသား၊ ကြက်ဥခေါက်ဆွဲ၊ သံပရာသီး၊ ဂေါ်ဖီချဉ်၊ ကြက်သွန်နီ၊ ငရုတ်သီးများ ပါဝင်ပါတယ်။

 

စစ်မှန်တဲ့ဒေသတွင်း အစားအစာစားသောက်ဆိုင်များကို မှတ်တမ်းတင်ဖော်ပြတဲ့ TasteAtlas ဒီဂျစ်တယ်ပလက်ဖောင်းရဲ့ဖော်ပြချက်အရ Khao Soi ဟာ ကမ္ဘာပေါ်က အကောင်းဆုံးစွပ်ပြုတ်စာရင်းထဲမှာ ပါဝင်ခဲ့ပါတယ်။

 

ထိုဟင်းရည်ကို ၁၉ ရာစုနဲ့ ၂၀ ရာစုများအတွင်း တရုတ်မွတ်ဆလင်ကုန်သည်များက ယူနန်ကနေ ထိုင်းမြောက်ပိုင်းကို ယူဆောင်လာခဲ့တယ်လို့ ယူဆရပါတယ်။

 

Khao Soi က ဒေသထွက်ပစ္စည်းများနဲ့ ပေါင်းစပ်ပြုလုပ်ထားတဲ့ အုန်းနို့ခေါက်ဆွဲမျိုးဖြစ်ကြောင်း TasteAtlas က ဖော်ပြထားကာ ထိုစာရင်းထဲမှာ ထိုင်းနိုင်ငံရဲ့ တုန်ယမ်းဟင်းရည် (tom yum kung) နဲ့ ကြက်သားအုန်းနို့ချဉ်စပ်ဟင်းရည် (tom kha gai) တိုလည်း ပါဝင်လာပါတယ်။

 

Khao Soi က အခုဆိုရင် တိုင်းပြည်းစီးပွားရေးမြှင့်တင်ပေးနိုင်မယ့် အားသာချက်တစ်ခုဖြစ်လာပြီး ဆိုရှယ်မီဒီယာမှ နာမည်ကျော်များဖြင့် ထိုအစားအစာကို ပိုမိုကျော်ကြားလာအောင်ပြုလုပ်ပေးဖို့ ဒီဂျစ်တယ်စီးပွားရေးနဲ့ လူမှုဝန်ကြီးဌာနကို ညွှန်ကြားလိုက်ပါတယ်။

 

ထိုင်းနိုင်ငံမှာ အစားအစာ၊ ရုပ်ရှင်၊ ဖက်ရှင်၊ မွေထိုင်း၊ နိုင်ငံရပ်ခြားပွဲတော် စတဲ့ကဏ္ဍ ၅ ရပ်ကို မြှင့်တင်မယ့် 5 Fs soft power မူဝါဒလမ်းစဉ်ကို ဧပြီလက အကောင်အထည်ဖော်ခဲ့ပါတယ်။

 

ယခုနှစ်အစောပိုင်းတုန်းက ကယ်လီဖိုးနီးယားက ကိုချယ်လာဂီတပွဲတင်ဆက်မှုအတွင်း သရက်ကောက်ညှင်းဟင်းလျာကို နာမည်ကြီးအောင်ပြုလုပ်နိုင်ခဲ့တဲ့ ထိုင်းရက်ပါအဆိုတော် အစိုးရဝေဖန်ရေးပုဂ္ဂိုလ် 'ဒါနူပါမီလီကာနာတီရာကူလ်'ကိုလည်း 'ပရာယွတ်'က ချီးကျူးခဲ့ပါတယ်။

 

ထိုင်းတို့ရဲ့အချိုပွဲကိုလည်း ယဉ်ကျေးမှုအမွေအနှစ်စာရင်းထဲ ထည့်သွင်းနိုင်ရန်အတွက် ယူနက်စ်ကိုသို့တင်ပြရန်စီစဉ်နေကြောင်း အစိုးရကပြောကြားခဲ့ပါတယ်။

 

Source: South China Morning Post
#Yangon_Media_Group