#World_News
Published 17 August 2022

 

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်'အီလွန်မက်စ်'က မန်ချက်စတာယူနိုက်တက်ဘောလုံးအသင်းကို ဝယ်ယူသွားမယ်လို့ ဩဂုတ်လ ၁၇ ရက်နေ့က တွစ်တာမှာဖော်ပြသွားပါတယ်။

 

'မက်စ်'ဟာ အရင်ကလည်း သူ့ရဲ့တွစ်တာမှာ အကျိုးအကြောင်းမရေရာတဲ့ သတင်းများတင်ခဲ့ဖူးပြီး အခုလည်း မန်ချက်စတာယူနိုက်တက်အသင်းကို သေချာပေါက်ဝယ်ယူဖို့ အစီအစဉ်ရှိ/မရှိ ရှင်းရှင်းလင်းလင်း မဖော်ပြထားပါဘူး။

 

"ကျွန်တော် မန်ချက်စတာယူနိုက်တက်ကို ဝယ်ယူသွားပါမယ်၊ ကြိုဆိုပါတယ်" လို့ 'မက်စ်'က တွစ်တာမှာတင်ခဲ့တာ ဖြစ်ပါတယ်။

 

မန်ချက်စတာယူနိုက်တက်အသင်းကို အမေရိကန်လူမျိုးတွေဖြစ်တဲ့ 'ဂလေဇာ'မိသားစုမှ ပိုင်ဆိုင်ထားကာ ယခုအကြောင်းအရာနဲ့ပတ်သက်ပြီး 'ဂလေဇာ'မိသားစုရော 'မက်စ်'ကပါ မှတ်ချက်ပြုဖြေကြားခြင်း မရှိသေးပါဘူး။

 

ဗြိတိန်သတင်းစာ The Daily Mirror က ပြီးခဲ့တဲ့နှစ်ကဖော်ပြခဲ့ရာမှာ 'ဂလေဇာ'မိသားစုက အသင်းကိုရောင်းချရန် စီစဉ်ခဲ့ပေမယ့် ပေါင် ၄ ဘီလီယံ(အမေရိကန်ဒေါ်လာ ၄.၈၄ ဘီလီယံ) ကျော်နဲ့ ကမ်းလှမ်းမှသာ စဉ်းစားသွားမှာဖြစ်ကြောင်း သိရှိရပါတယ်။

 

'မက်စ်'ကတော့ တွစ်တာကိုဝယ်ယူဖို့ သဘောတူညီထားတဲ့ ဒေါ်လာ ၄၄ ဘီလီယံတန်ကြေးရှိ သဘောတူညီချက်ကို ဖျက်သိမ်းဖိုကြိုးစားနေတာကြောင့် တရားရင်ဆိုင်နေရပါတယ်။

 

မန်ချက်စတာယူနိုက်တက်ဘောလုံးအသင်းဟာ ကမ္ဘာပေါ်မှာ ပရိသတ်အားပေးမှု အများဆုံးအသင်းတွေထဲက တစ်သင်းဖြစ်ပြီး အင်္ဂလိပ်ပရီးမီးယားလိဂ်ချန်ပီယံဆု အကြိမ် ၂၀ ဆွတ်ခူးထားတဲ့အပြင် ကမ္ဘာ့အကြီးကျယ်ဆုံးဥရောပချန်ပီယံလိဂ်ဖလားကိုလည်း ၃ ကြိမ် ရရှိထားပါတယ်။

 

ပြီးခဲ့တဲ့ဘောလုံးရာသီမှာတော့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ မန်ချက်စတာယူနိုက်တက်က အဆင့် ၆ နေရာသာရခဲ့ပြီး မြိုခံပြိုင်ဘက် မန်ချက်စတာစီးတီးအသင်းကတော့ ပရီးမီးယားလိဂ်ချန်ပီယံ ၂ နှစ်ဆက်တိုက် ရရှိခဲ့ပါတယ်။

 

အသင်းပိုင်ရှင်'ဂလေဇာ'မိသားစုက အသင်းအတွက် ထိပ်တန်းကစားသမားတွေ မခေါ်ယူပေးနိုင်တာကြောင့် ပရိသတ်တွေရဲ့ မကျေနပ်ချက်တွေက ပိုပြီးပြင်းထန်လာပါတယ်။

 

အခုနောက်ပိုင်းနှစ်တွေမှာ အခြားအသင်းတွေနဲ့ ယှဉ်ပြိုင်ကစားတဲ့အခါ အသင်းကရုန်းကန်နေရပြီး မန်ချက်စတာယူနိုက်တက်ပရိသတ်တွေက 'ဂလေဇာ'တို့ကို ဆန္ဒပြလာကြပါတယ်။

 

မနှစ်က ဥရောပစူပါလိဂ်ပြိုင်ပွဲပြုလုပ်ဖို့ မအောင်မြင်ခဲ့ချိန်မှာတော့ 'ဂလေဇာ'ဆန့်ကျင်ရေးလှုပ်ရှားမှုများ ပိုပြီးအရှိန်အဟုန်မြင့်တက်လာခဲ့ပါတယ်။

 

မန်ချက်စတာ ယူနိုက်တက်ဘောလုံးအသင်းဟာ အင်္ဂါနေ့ကအထိ ဈေးကွက်ပေါက်ဈေး ဒေါ်လာ ၂.၀၈ ဘီလီယံရှိပါတယ်။

 

'ဂလေဇာ'မိသားစုက ၂၀၀၅ ခုနှစ်မှာ မန်ချက်စတာယူနိုက်တက်အသင်းကို ပေါင်သန်း ၇၉၀ နဲ့ ဝယ်ယူခဲ့တာဖြစ်ပါတယ်။

 

ပရိသတ်အချို့က 'မက်စ်'အနေနဲ့ တွစ်တာကိုဝယ်ယူမယ့်အစား မန်ချက်စတာယူနိုက်တက်ကိုဝယ်ယူဖို့ တိုက်တွန်းနေကြပါတယ်။

 

ပြီးခဲ့တဲ့စနေနေ့က မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘရန့်ဖိုဒ်အသင်းကို မရှုမလှရှုံးနိမ့်ခဲ့ပြီး ပွဲချိန် ၃၅ မိနစ်မှာပင် ၄ ဂိုးစလုံး ပေးလိုက်ရပါတယ်။

 

အဲဒီမတိုင်ခင်ရက်သတ္တပတ်က ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာလည်း ဘရိုက်တန်အသင်းကို အိမ်ကွင်းအိုးလ်ထရက်ဖိုဒ်မှာတင် ၁ - ၂ ဂိုးရလာဒ်နဲ့ ရှုံးနိမ်ခဲ့ပြီး ၁၉၆၀ ခုနှစ်နောက်ပိုင်း ဘောလုံးရာသီပထမဆုံးပွဲစဉ် ၂ ခုအတွင်း ၆ ဂိုးအထိပေးထားရတာဖြစ်တဲ့အပြင် ၁၉၉၂ ခုနှစ်နောက်ပိုင်း ပထမဆုံးပွဲစဉ် ၂ ပွဲကို ရှုံးနိမ့်ခဲ့တာလည်း ဖြစ်ပါတယ်။

 

ဒါပေမဲ့လည်း ၁၉၉၂ ခုနှစ်ဘောလုံးရာသီအပြီးမှာတော့ မန်ချက်စတာယူနိုက်တက်အသင်းက ချန်ပီယံဖြစ်ခဲ့ပါတယ်။

 

'အီလွန်မက်စ်'က အကျိုးအကြောင်းမရှိတဲ့ ယခုလိုပြောကြားချက်မျိုး ထုတ်ပြန်ခဲ့ဖူးတာကြောင့် သူပြောတာ အတည်ဟုတ်လား မဟုတ်လားဆိုတာကို မှန်းဆဖို့ခက်ခဲပါတယ်။

 

Source: CNA
#Yangon_Media_Group