#World_Climate
Published 14 August 2022

 

အန္တာတိကရေခဲပြင်များမှ ရေခဲပျော်ဆင်းလာခြင်းက သဘာဝအတိုင်းရေခဲဖွဲစည်းဖြစ်ပေါ်ခြင်းထက် ပိုမိုလျင်မြန်စွာ အရည်ပျော်ကျလာပြီး ပြီးခဲ့တဲ့ ၂၅ နှစ်အတွင်း ကမ္ဘာ့အကြီးဆုံးရေခဲပြင်ကြီးမှ ရေခဲဆုံးရှုံးမှုခန့်မှန်းခြေထက် ၂ ဆမျှ ပိုများနေကြောင်း ဂြိုဟ်တုမှဖမ်းယူရရှိတဲ့ပုံတွေကို ဗုဒ္ဓဟူးနေ့က မြင်တွေ့ခဲ့ကြပါတယ်။

 

လော့စ်အိန်ဂျလိစ်ရှိ နာဆာဓာတ်ခွဲခန်းတစ်ခုမှ သုတေသီများလေ့လာခဲ့ကြပြီး Nature ဂျာနယ်မှာဖော်ပြခဲ့ကြရာ ရာသီဥတုဖောက်ပြန်ခြင်းက အန္တာတိကရှိ ပေါလောပေါ်နေတဲ့ ရေခဲပြင်တွေကို အရည်ပျော်လာစေပြီး ကမ္ဘာ့ပင်လယ်ရေမျက်နှာပြင် လျင်မြန်စွာမြင့်တက်လာမှာကို စိုးရိမ်နေကြပါတယ်။

 

လေ့လာချက်ရဲ့ အဓိကအပိုင်းက အန္တာတိကရေခဲများ သမုဒ္ဒရာထဲသို့ အရည်ပျော်ကျလာတဲ့ပမာဏက ပူနွေးလာတဲ့ပင်လယ်ရေကြောင့် ရေမျက်နှာပြင်အောက်မှ ရေခဲအပိုင်းများပါးလွှာလာခြင်းကြောင့် ဆုံးရှုံးရတဲ့ပမာဏလောက်နီးပါးအထိ ရှိနေတာပဲဖြစ်ပါတယ်။

 

ရေခဲထုပါးလွှာလာခြင်းနဲ့ အရည်ပျော်လာခြင်းနှစ်ချက်စလုံးကို ထည့်တွက်ကြည့်လိုက်ရင် ၁၉၉၇ နောက်ပိုင်း အန္တာတိကရေခဲပြင်ဟာ တန်ချိန် ၁၂ ထရီလီယံခန့်ဆုံးရှုံးထားရပြီး ဒါဟာ ခန့်မှန်းခြေထက် ၂ ဆမျှဖြစ်နေပါတယ်။

 

လွန်ခဲ့တဲ့ ၂၅ နှစ်အတွင်း အန္တာတိကရေခဲပြင်အရည်ပျော်ခြင်းတစ်မျိုးတည်းမှ အကျယ်အဝန်း ၃၇,၀၀၀ စတုရန်းကီလိုမီတာနီးပါးဆုံးရှုံးခဲ့ပြီး ဒါဟာ ဆွစ်ဇာလန်နိုင်ငံရဲ့အကျယ်အဝန်းနီးပါးမျှရှိကြောင်း နာဆာဓာတ်ခွဲခန်းမှ သိပ္ပံပညာရှင်'ချက်ဂရင်း'က ပြောပြခဲ့ပါတယ်။

 

နောက်ဆက်တွဲ အကျိုးဆက်တွေက အလွန်ကြီးမားပြီး ကမ္ဘာ့ရေခဲထုအရည်ပျော်ခြင်းကြောင့် မြင့်တက်လာနိုင်တဲ့ပင်လယ်ရေမျက်နှာပြင်မှာ အန္တာတိကတိုက်နဲ့ ၈၈ ရာခိုင်နှုန်းသက်ဆိုင်နေပါတယ်။

 

ကုန်းမြေနဲ့ချိတ်ဆက်တည်ရှိနေတဲ့ ရေခဲပြင်တွေဟာ ရေခဲတောင်တန်းတွေကို ထောက်ပံ့ဖို့ နှစ်ပေါင်းထောင်နဲ့ချီပြီး အချိန်ယူရကာ ထိုကဲ့သို့မချိတ်ဆက်ဘူးဆိုရင် သမုဒ္ဒရာထဲကိုမျောပြီး ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာမှာ ဖြစ်ပါတယ်။

 

ရေခဲပြင်တွေတည်ငြိမ်နေတဲ့အခါ ရေခဲအရည်ပျော်ခြင်းနဲ့ ရေခဲပြန်လည်ဖွဲ့စည်းခြင်းတို့က သဘာဝအတိုင်းအလှည့်ကျဖြစ်ပေါ်နေမှာပါ။

 

ဂြိုဟ်တုဖြင့် တိုင်းတာချက်များအရ လတ်တလောဆယ်စုနှစ်များအတွင်း သမုဒ္ဒရာများပူနွေးလာကာ တစ်နှစ်ကို ရေခဲဆုံးရှုံးမှုတန်ချိန် ၁၄၉ သန်းရှိခဲ့ကြောင်း မှတ်တမ်းတင်ထားပါတယ်။

 

ရေခဲအရည်ပျော်ခြင်းက ရေခဲပြန်လည်ဖြစ်ပေါ်ခြင်းထက် မြန်လွန်းနေတဲ့အတွက် အန္တာတိကတိုက်အနေနဲ့ ၂၀၀၀ ခုနှစ်မတိုင်မီ ရေခဲပြင်အခြေအနေကို ပြန်လည်ရောက်ရှိနိုင်ဖွယ်မရှိပါဘူး။

 

ပူနွေးတဲ့ သမုဒ္ဒရာနဲ့နီးစပ်နေတဲ့ အန္တာတိကအနောက်ဘက်အပိုင်းမှာ ရေခဲအရည်ပျော်ခြင်းနဲ့ ပါးလွှာခြင်း ပိုမိုဖြစ်ပေါ်တယ်လို့သိထားပေမယ့် အန္တာတိကအရှေ့ဘက်အပိုင်းမှာပါ ရေခဲဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေကြောင်း 'ဂရင်း'ကဆိုပါတယ်။

 

ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို မလျှော့ချနိုင်ဘူးဆိုရင် လာမယ့်ရာစုနှစ်အနည်းငယ်အတွင်း ပင်လယ်ရေမျက်နှာပြင်များစွာ မြင့်တက်လာဖွယ်ရှိနေပါတယ်။

 

Source: Reuters
#Yangon_Media_Group