#World_Politics
Published 9 August 2022

 

အက်ဖ်ဘီအိုင်အေးဂျင့်များက သမ္မတဟောင်းဒေါ်နယ်ထရမ့်ရဲ့ မာရာလာဂိုအိမ်ယာကို တနင်္လာနေ့က ဝင်ရောက်စီးနင်းခဲ့ပြီး သူ့သားရဲ့ပြောဆိုချက်အရ မီးခံသေတ္တာကိုပါ ချိုးဖျက်ခဲ့ကြပါတယ်။

 

ဒါဟာ အိမ်ဖြူတော်ကနေ ဖလော်ရီဒါအပန်းဖြေအိမ်ယာသို့ ထရမ့်ရွှေ့ပြောင်းခဲ့တဲ့ တရားဝင်သမ္မတမှတ်တမ်းမှတ်ရာများအပေါ် စုံစမ်းစစ်ဆေးတဲ့သဘောဖြစ်ပါတယ်။

 

သမ္မတဟောင်းနေအိမ်ကို ရှာဖွေစစ်ဆေးတာဟာ မကြုံစဖူးဖြစ်ရပ်ဖြစ်ပြီး မှတ်တမ်းစုံစမ်းစစ်ဆေးမှုတွေနဲ့ ပတ်သက်လို့ အခြေအနေတွေတင်းမာလာဦးမှာ ဖြစ်ပါတယ်။

 

ထရမ့်ဟာ သမ္မတရာထူးထမ်းဆောင်နေစဉ်ကတည်းကစလို ပုဂ္ဂလိကလုပ်ငန်းများအထိ အကြိမ်ကြိမ်ရှာဖွေစစ်ဆေးခြင်း ခံထားရပြီးပါပြီ။

 

ရှာဖွေစစ်ဆေးမှုနဲ့ပတ်သက်ပြီး အမေရိကန်တရားရေးဌာနဘက်က မှတ်ချက်ပြုခြင်းမရှိသေးဘဲ ထရမ့်ရဲ့ထုတ်ပြန်ချက်မှာတော့ အက်ဖ်ဘီအိုင်အေးဂျင့်အများအပြား ပါဝင်ခဲ့တယ်လို သိရပါတယ်။

 

ဝါရှင်တန်ရှိ အက်ဖ်ဘီအိုင်ရုံးချုပ်နဲ့ မိုင်ယာမီရုံးတိုကလည်း မှတ်ချက်ပြုဖို့ ငြင်းဆိုထားပါတယ်။

 

ဒေါ်နယ်ထရမ့်ရဲ့ သားတစ်ယောက်ဖြစ်တဲ့'အဲရစ်ထရမ့်'က Fox News သတင်းဌာနကို ပြောကြားခဲ့ရာမှာ အိမ်ဖြူတော်ကနေပါလာတဲ့ မှတ်တမ်းစာချုပ်သေတ္တာများကို ရှာဖွေခဲ့တဲ့အပြင် အဖေဖြစ်သူ အမျိုးသားမော်ကွန်းတိုက်နဲ့ ပူးပေါင်းနေတယ်ဆိုတဲ့ အချက်အလက်မှတ်တမ်းများကိုလည်း ရှာဖွေခဲ့ကြတယ်လို သိရပါတယ်။

 

ထိုကိစ္စနဲ့နီးစပ်သူတစ်ဦးကလည်း ရိုက်တာသတင်းဌာနကို ပြောပြရာမှာ ဝင်ရောက်စီးနင်းမှုက အိမ်ဖြူတော်ကနေ ထရမ့်သယ်ဆောင်လာတဲ့ မှတ်တမ်းမှတ်ရာများနဲ့ ဆက်စပ်နေလိမ့်မယ်လို အတည်ပြုခဲ့ပါတယ်။
"အိမ်ယာကြီးကို ဝင်ရောက်စီးနင်းထားပြီးတော့ ဝိုင်းရံထားပါတယ်၊ ဘာကြောင့် ဝင်စီးလဲဆိုတာကိုတော့ မသိရသေးပါဘူး" လို 'ထရမ့်'ကဆိုပါတယ်။

 

"အစိုးရအေဂျင်စီတွေနဲ့ ပူးပေါင်းပြောဆိုအပြီးမှာတော့ အခုလို ဝင်ရောက်စီးနင်းတာက မသင့်တော်တဲ့လုပ်ရပ်ဖြစ်ပြီး မီးခံသေတ္တာကိုပါ ဖောက်သွားပါတယ်" လို ပြောကြားခဲ့ပါတယ်။

 

ဝင်ရောက်စီးနင်းခံရချိန် တနင်္လာနေ့မှာ ထရမ့်က နယူးယော့ခ်ကိုရောက်ရှိနေတာဖြစ်ပြီး Fox News သတင်းထောက်တစ်ဦးက ထရမ့်တာဝါကနေ ဒေါ်နယ်ထရမ့်ထွက်ခွာလာတဲ့ဓာတ်ပုံကို မှတ်တမ်းတင်ကာ Fox News သတင်းဌာနမှ ဖော်ပြထားပါတယ်။

 

ထရမ့်ဟာ ၂၀၂၁ ဇန်နဝါရီလက အိမ်ဖြူတော်ကနေ ထွက်ခွာလာပြီးနောက် ပါးလ်မ်ကမ်းခြေမှာ နေထိုင်နေခဲ့ကာ နွေရာသီကာလ မာရာလာဂိုအိမ်ယာပိတ်ထားတဲ့အချိန်မှာတော့ နယူးဂျာစီ ဘတ်ဒ်မင်စတာရှိ ဂေါက်ရိုက်ကလပ်မှာ အချိန်ဖြုန်းနေခဲ့တာဖြစ်ပါတယ်။

 

ဖက်ဒရယ်ဥပဒေဖြစ်တဲ့ အမေရိကန်သမ္မတမှတ်တမ်းအက်ဥပဒေမှာ သမ္မတရဲ့တရားဝင်တာဝန်များနဲ့ပတ်သက်တဲ့ မှတ်စုတိုများ၊ စာစောင်များ၊ မှတ်စုများ၊ အီးမေးလ်များ၊ ဖက်စ်များနဲ့ လက်ရေးဖြင့်ရေးသားထားတဲ့ အခြားဆက်သွယ်မှုများကို သိမ်းဆည်းထားခြင်းတို လိုအပ်ပါတယ်။

 

ရှာဖွေစစ်ဆေးခြင်းက တရားမျှတမှုရှိရမယ်လို တရားဥပဒေစိုးမိုးရေးအဖွဲက သရုပ်ပြဆောင်ရွက်ပြီးနောက် ပုဂ္ဂလိကနေအိမ်တွေကို ရှာဖွေစစ်ဆေးရန်အတွက် တရားသူကြီးတစ်ဦးက အတည်ပြုပေးရမှာဖြစ်ပါတယ်။

 

Source: Reuters
#Yangon_Media_Group