#World_Politics
Published 29 July 2022

 

ဇူလိုင် ၂၈ ရက်နေ့ ကြာသပတေးနေ့ညက တရုတ်သမ္မတ'ရှီကျင့်ဖင်'နဲ့ အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒန်'တို့ တယ်လီဖုန်းဖြင့် ပြောဆိုဆွေးနွေးမှုပြုလုပ်ခဲ့ရာမှာ ထိုင်ဝမ်ကျွန်းလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး ထောက်ခံတာတွေကို ဆန့်ကျင်တယ်လို့ ပြောလိုက်ပြီး မီးနှင့်ကစားမိရင် ကစားသူပဲ မီးလောင်ခံရလိမ့်မယ်လို့ 'ရှီကျင့်ဖင်'က သတိပေးပြောကြားခဲ့ကြောင်း တရုတ်နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပါတယ်။

 

မစ္စတာ'ဘိုင်ဒန်' သမ္မတရာထူးရပြီးနောက်ပိုင်း သူတို့နှစ်ယောက်ဖုန်းဖြင့်ပြောဆိုခြင်း ၅ ကြိမ်ရှိခဲ့ပြီဖြစ်ပြီး ယခုခေါ်ဆိုမှုမှာတော့ နှစ်နိုင်ငံပြိုင်ဆိုင်ရေးအခြေအနေ၊ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးနဲ့ ယူကရိန်းကိစ္စများအပါအဝင် ကိစ္စအကြောင်းအရာတော်တော်များများ ဆွေးနွေးခဲ့ကြပါတယ်။

 

သမ္မတ ၂ ယောက် ပထမဆုံးလူချင်းတွေ့ဆုံဖို့ကိုလည်း စီစဉ်သွားရန် နှစ်ဦးစလုံး သဘောတူညီခဲ့ကြကြောင်း အမေရိကန်အရာရှိတစ်ဦးက သတင်းထောက်များကို ပြောကြားခဲ့ပါတယ်။

 

အမေရိကန်အောက် လွှတ်တော်ဥက္ကဌ'နန်စီပယ်လိုစီ' ထိုင်ဝမ်ကိုသွားရောက်ဖို့ စီစဉ်နေတာနဲ့ပတ်သက်ပြီး တရုတ်နဲ့အမေရိကန်တို့ကြား တင်းမာမှုမြင့်တက်နေတဲ့အချိန်မှာ သမ္မတနှစ်ယောက် ကြာသပတေးနေ့က ၂ နာရီကြာအောင် ဖုန်းပြောဆိုခဲ့ကြပါတယ်။
ထိုင်ဝမ်ကို သွားမယ့်အစီအစဉ်က အတည်ပြုခြင်းတော့ မရှိသေးပါဘူး။

 

ထိုင်ဝမ်လွတ်လပ်ရေးကို တရုတ်က ပြတ်ပြတ်သားသားဆန့်ကျင်ကြောင်းနဲ့ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာနဲ့ ဂုဏ်သိက္ခာတို့ကို ကာကွယ်ဖို့က တရုတ်ပြည်သူတွေရဲ့ခိုင်မာတဲ့ဆန္ဒဖြစ်ကြောင်း မစ္စတာ'ရှီကျင့်ဖင်'က ထပ်မံပြောကြားလိုက်ပါတယ်။

 

အမေရိကန်က ဒီကိစ္စမှာရှေ့ဆက်ပြီး တရုတ်ကိုစိန်ခေါ်လာရင် တုံ့ပြန်ဆောင်ရွက်သွားရမှာဖြစ်ပြီး ကြုံတွေ့လာမယ့်အကျိုးဆက်တွေက အမေရိကန်ကြောင့်သာဖြစ်လိမ့်မယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက ဗုဒ္ဓဟူးနေ့က ရှင်းလင်းပြောဆိုထားပါတယ်။

 

ကိုယ်ပိုင်အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကို တရုတ်တို့က သစ္စာဖောက်ပြည်နယ်ဒေသအဖြစ်မြင်နေပြီး လိုအပ်လာရင် အင်အားသုံးပြန်လည်သိမ်းပိုက်ဖို့ရှိနေပါတယ်။

 

အမေရိကန်နဲ့ မဟာမိတ်နိုင်ငံများက လုံခြုံရေးနဲ့စီးပွားရေးနယ်ပယ်များမှာ တရုတ်ကအကြီးမားဆုံးခြိမ်းခြောက်နေတယ်လို့ ယူဆနေကြပါတယ်။

 

တရုတ်နဲ့အမေရိကန်တို့က ကုန်သွယ်ရေးကဏ္ဍမှာ ပါဝင်ပတ်သက်နေဆဲဖြစ်ပြီး နှစ်နိုင်ငံအကြား အစဉ်မပြတ်တင်းမာနေကြပါတယ်။

 

"တရုတ်-အမေရိကန်ဆက်ဆံရေးကို ပြိုင်ဆိုင်မှုအနေနဲ့ ရှုမြင်ထားခြင်းနဲ့ တရုတ်ကို ရေရှည်ပြိုင်ဘက်အဖြစ်သတ်မှတ်ထားခြင်းက တရုတ်-အမေရိကန်ဆက်ဆံရေးကို အထင်အမြင်လွဲမှားစေပြီး တရုတ်ရဲ့ဖွံ့ဖြိုးတိုးတက်မှုကို တလွဲထင်မြင်နေတာဖြစ်ပါတယ်၊ ဒါဟာ နှစ်နိုင်ငံစလုံးကပြည်သူတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း အထင်အမြင်လွဲမှားစေနိုင်ပါတယ်" လို့ မစ္စတာ'ရှီ'ကဆိုပါတယ်။

 

အဆိုပါ နှစ်နိုင်ငံအနေနဲ့ အဆက်အသွယ်မပြတ် ရှေ့ဆက်သွားသင့်ပြီး ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး နှစ်နိုင်ငံ လက်တွဲဖြုတ်လိုက်မယ်ဆိုရင် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးကွင်းဆက်ပျက်စီးသွားနိုင်ကြောင်း ဆက်လက် ပြောကြားခဲ့ပါတယ်။

 

အိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက်မှာတော့ မစ္စတာ'ဘိုင်ဒန်'က အမေရိကန်ရဲ့မူဝါဒပြောင်းလဲခြင်းမရှိဘဲ တရုတ်အနေနဲ့ ထိုင်ဝမ်ရဲ့လက်ရှိတည်ငြိမ်အေးချမ်းတဲ့အခြေအနေကို တဖက်သတ်ပြောင်းလဲဖို့ကြိုးစားနေတာကို ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်း အလေးပေးဖော်ပြခဲ့ပါတယ်။

 

အဆိုပါ ဖုန်းခေါ်ဆိုမှုက အမေရိကန်နဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့ကြား ခိုင်မြဲတဲ့ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းဖို့ရည်ရွယ်ထားသလို သဘောထားကွဲပြားခြင်းတွေကို ကိုင်တွယ်ဖြေရှင်းပြီး နှစ်ဦးနှစ်ဖက် အကျိုးအမြတ်ရရှိရန် ပူးပေါင်းလုပ်ဆောင်ဖို့ ရည်ရွယ်ထားတာဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

 

ထိုဖုန်းခေါ်မှုမတိုင်ခင်က အမေရိကန်နိုင်ငံတော်လုံခြုံရေးအကြံပေးနဲ့ တရုတ်ထိပ်သီးသံအမတ်တို ဇွန်လအတွင်း လူဇမ်ဘော့ဂ်မှာတွေ့ဆုံခဲ့သလို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့ကလည်း ယခုလအစောပိုင်းမှာ တွေ့ဆုံခဲ့ကြပါသေးတယ်။

 

Source: The Straits Times
#Yangon_Media_Group