#World_Technology
Published 28 July 2022

 

အိုဟိုင်ယိုပြည်နယ်တက္ကသိုလ်မှ သုတေသီများက စမတ်ဆွဲကြိုးအသစ်တစ်မျိုးကို တီထွင်ထုတ်လုပ်လိုက်ကြပြီး ထိုဆွဲကြိုးဝတ်ဆင်ထားသူရဲ့ချွေးထဲမှာပါလာတဲ့ ဓာတုဓာတ်ပစ္စည်းတွေနဲ့ ပါဝင်မှုပမာဏတို့ကို တိုင်းတာပေးနိုင်မှာ ဖြစ်ပါတယ်။

 

ကမ္ဘာပေါ်က ဆီးချိုရောဂါသည်သန်း ၄၀၀ အနေနဲ့ ဆီးချိုစစ်ဖို့ လက်ထိပ်သွေးဖောက်နေစရာ မလိုအပ်တော့ပါဘူး။

 

ထိုဆွဲကြိုးမှာ ညှပ်ချိတ်နဲ့ ဆွဲသီးပါဝင်ပြီး လည်ပင်းမှာပတ်ထားတဲ့အခါ အနောက်ဘက်က ဇီဝအာရုံခံပစ္စည်းကနေ ဂလူးကိုစ်နဲ့ ဆီရိုတိုနင်ပမာဏတို့ကို တိုင်းတာပေးမှာ ဖြစ်ပါတယ်။

 

လူသားနဲ့စမ်းသပ်ရာမှာ စမတ်ဆွဲကြိုးဟာ ဝတ်ဆင်သူရဲ့ချွေးထဲက ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ဟိုက်ဒရိုဂျင်ဓာတ်များကို ၉၈.၉ ရာခိုင်နှုန်းအထိ တိကျစွာ တိုင်းတာပေးနိုင်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။

 

သုတေသီအဖွဲ့က ဇီဝအာရုံခံပစ္စည်းလေးကို နားကပ်၊ လက်စွပ်ထဲမှာအပြင် အရေပြားအောက်မှာပါ ထည့်သွင်းနိုင်ဖို့ ကြိုးပမ်းနေကြပါတယ်။

 

ချွေးထဲမှာ လူတွေရဲ့ကျန်းမာရေးအခြေအနေ အတိအကျကို ဖော်ပြပေးနိုင်တဲ့ biomarker ရာနဲ့ ချီပါဝင်တယ်လို့ စာတမ်းပြုစုသူ'ကျင်ဟွာလီ'က ရှင်းပြလိုက်ပါတယ်။

 

ခေတ်မီဇီဝအာရုံခံစနစ်တွေက ခန္ဓာကိုယ်ထဲဝင်ရောက်စရာမလိုဘဲ ဇီဝပြောင်းလဲဖြစ်စဉ်များကို သိရှိနိုင်ပြီး လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ကထွက်တဲ့ အရည်ထဲက အချက်အလက်ဖြစ်စဉ်တွေကို တွေ့ရှိနိုင်မှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

 

အာရုံခံပစ္စည်းက သေးငယ်ပေမယ့် အဖြေသိရှိဖို့အတွက်တော့ ချွေးအနည်းငယ်မျှသာ လိုအပ်ပါတယ်။

 

စမ်းသပ်မှုပြုလုပ်ရာမှာ စမ်းသပ်ခံသူကို လေ့ကျင့်ခန်းပြုလုပ်ခိုင်းပြီး ၁၅ မိနစ်အနားပေးတဲ့အချိန်မှာ အချိုရည်သောက်သုံးခိုင်းခဲ့ကာ ဆက်လက်လှုပ်ရှားစေပါတယ်။

 

အဲဒီနောက် အချိုဓာတ်သွင်းပြီး မိနစ် ၃၀ နဲ့ ၄၀ အတွင်း ချွေးထဲကဂလူးကိုစ်ဓာတ်က အမြင့်ဆုံးပမာဏကို ရောက်ရှိခဲ့ပါတယ်။

 

အာရုံခံပစ္စည်းကို ပြုလုပ်ရာမှာ အလွန်ပါးလွှာတဲ့ ပစ္စည်းများဖြင့်ထုတ်လုပ်ထားပြီး အခြေအနေအမျိုးမျိုးမှာ ထားနိုင်တဲ့အပြင် လူ့အရေပြားနဲ့ ထိတွေ့တဲ့အခါ စက်ပစ္စည်းရဲ့လုပ်ဆောင်ချက်များ မထိခိုက်အောင် ကာကွယ်ပေးထားပါတယ်။

 

ပစ္စည်းထုတ်လုပ်ရာမှာ ဒီထက်ပိုသေးအောင် ပြုလုပ်ပြီး အရေပြားအောက်ထည့်သွင်းနိုင်သည်အထိ ပြုလုပ်ဖို့စီစဉ်နေကြပါတယ်။

 

နေ့စဉ်လှုပ်ရှားရာမှာ အလွယ်တကူအံဝင်စေမယ့် ဆားကစ်တွေထဲထည့်သွင်းတီထွင်နိုင်ဖို့ မျှော်မှန်းထားကြောင်း 'လီ'က ဖော်ပြခဲ့ပါတယ်။

Source: DailyMail
#Yangon_Media_Group