#World_Petroleum
Published 16 July 2022

 

အမေရိကန်နိုင်ငံရဲ့လောင်စာဆီဈေးနှုန်းထိန်းညှိနိုင်ရန်အတွက် အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒန်'ဟာ ဆော်ဒီအာရေဗျနိုင်ငံရဲ့အုပ်ချုပ်သူတွေနဲ့ အရေးပါတဲ့တွေ့ဆုံမှု ပြုလုပ်ခဲ့ပြီးနောက် ဆော်ဒီကနေ ရေနံတင်ပို့မှု တိုးမြင့်လာမယ်လို့မျှော်မှန်းကြောင်း 'ဘိုင်ဒန်'က ပြောကြားခဲ့ပါတယ်။

 

ရေနံထုတ်လုပ်မှုကို ချက်ချင်းလက်ငင်းမြှင့်တင်မယ့် သဘောမတွေ့ခဲ့ရပေမယ့် ရေနံထုတ်လုပ်ရေးနိုင်ငံများ အဖွဲ့အစည်း(OPEC+) မဟာမိတ်အဖွဲ့အနေနဲ့ တဖြည်းဖြည်းချင်း တိုးမြှင့်ထုတ်လုပ်ရန် ဆော်ဒီက ဦးဆောင်သွားနိုင်မယ်လို့ယုံကြည်ကြောင်း အမေရိကန်အရာရှိများက ပြောကြားလိုက်ပါတယ်။

 

"အမေရိကန်ပြည်ထောင်စုအတွက် လောင်စာဆီတိုးမြှင့်ရရှိဖို့ ကျွန်တော်တတ်နိုင်သမျှဆောင်ရွက်နေပြီး အဲဒီလိုဖြစ်လာဖို့လည်း မျှော်မှန်းထားပါတယ်၊ ဆော်ဒီဘက်ကလည်း ဒီအခြေအနေကို သဘောပေါက်ပါတယ်၊ ဒီကနေ့ကျွန်တော်တို့ဆွေးနွေးမှုများအရ လာမယ့်သီတင်းပတ်တွေမှာ နောက်တစ်ဆင့်တက်လှမ်းနိုင်ဖို့ မျှော်လင့်ပါတယ်" လို့ 'ဘိုင်ဒန်'က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

 

'ဘိုင်ဒန်'က ဘုရင်'ဆာလ်မန်ဘင်အက်ဘ်ဒူလာဇစ်'၊ အိမ်ရှေ့စံမင်းသား'မိုဟာမက်ဘင်ဆာလ်မန်'တို့နဲ့ ဂျက်ဒါဆိပ်ကမ်းမြိုမှာ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

 

၂၀၁၈ ခုနှစ်တုန်းက ဝါရှင်တန်ပိုစ်ဆောင်းပါးရှင်'ဂျာမယ်လ်ခါရှော့ဂီ'အသတ်ခံရမှုနဲ့ပတ်သက်ပြီး ဆော်ဒီကိုအရေးမလုပ်ဘဲထားခဲ့ရာ လောင်စာဆီဈေးနှုန်းများမြင့်တက်လာတဲ့အချိန်မှာတော့ 'ဘိုင်ဒန်'အနေနဲ့ ပြန်လည်ဆက်သွယ်လာခဲ့တာ ဖြစ်ပါတယ်။

 

အမေရိကန်မှာ ဓာတ်ဆီ ၁ ဂါလံကို ၅ ဒေါ်လာနီးပါးဖြင့် စံချိန်တင်မြင့်တက်လျက်ရှိပြီး ကြားဖြတ်ရွေးကောက်ပွဲနီးလာတဲ့အမျှ မကျေနပ်မှုများ ပိုဆိုးလာပါတယ်။

 

ယခုတွေ့ဆုံမှုအပြီး ဩဂုတ်လ ၃ ရက်နေ့မှာ ရေနံတင်ပို့ရေး နိုင်ငံများအဖွဲ့အစည်း(OPEC)နဲ့ မဟာမိတ်နိုင်ငံများ တွေ့ဆုံမယ့်အစည်းအဝေးကို သတ်မှတ်ခဲ့ကာ ထိုနေ့က ရေနံဈေးကွက်အတွက် အရေးပါတဲ့နေ့ဖြစ်လာဖို့ရှိနေပြီး စက်တင်ဘာလနဲ့ နောက်ပိုင်းရေနံအထွက်နှုန်းအတွက် ဆွေးနွေးချိန်ညှိသွားကြမှာဖြစ်ပါတယ်။

 

ရေနံဈေးနှုန်းက လတ်တလောမြင့်တက်ရာကနေ ကျဆင်းလာပေမယ့် စီးပွားရေးကျဆင်းမှုက ဈေးကွက်လုပ်ငန်းတွေအပေါ် သက်ရောက်နေဆဲဖြစ်ပါတယ်။

 

အစဉ်မပြတ်ဈေးကွက် အကဲဖြတ်ခြင်းဖြင့် ရေနံထောက်ပံ့မှုအခြေအနေကို အဆုံးအဖြတ်ပေးသွားမှာဖြစ်ကြောင်း၊ OPEC+ မဟာမိတ်အဖွဲနဲ့ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး'အဒဲလ်အယ်လ်ဂျူဘဲ'က ဆိုပါတယ်။

 

ထိုမဟာမိတ်အဖွဲ့ထဲမှာ ရုရှားနိုင်ငံလည်းပါဝင်ပြီး ယူကရိန်းကိုကျူးကျော်တာကြောင့် အမေရိကန်က ရုရှားရေနံဝယ်ယူခြင်းကို ပိတ်ပင်ဖို့ကြိုးစားလာတာဖြစ်ပါတယ်။

 

"ကမ္ဘာ့ရေနံဈေးကွက် ဟန်ချက်ညီဖို့နဲ့ စီးပွားရေးတိုးတက်မှု ရေရှည်တည်တံ့ရန် ဆော်ဒီအာရေဗျက ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်၊ လာမယ့်ရက်သတ္တပတ်တွေမှာ ထိုလုပ်ဆောင်ချက်တွေကို အကောင်အထည်ဖော်ဖို့ ရည်ရွယ်ထားပြီး ကမ္ဘာ့ဈေးကွက်ကို တည်ငြိမ်စေမယ်လို့ မျှော်မှန်းထားပါတယ်" လို့ အိမ်ဖြူတော်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

 

လစ်ဗျားနိုင်ငံရေး မငြိမ်မသက်ဖြစ်တဲ့ကိစ္စတွေနဲ့ ရုရှားအားဒဏ်ခတ်ပိတ်ဆို့မှု ကိစ္စတွေကြောင့် ရေနံထောက်ပံ့မှု ပြတ်တောက်မှုများရှိနေပြီး ပါရှန်ပင်လယ်ကွေ့အင်အားကြီးနိုင်ငံ ဆော်ဒီအာရေဗျကလည်း တိုင်းပြည်အတွက်ရေနံအရန်လက်ကျန်ကို ပမာဏတစ်ခုအထိ ထိန်းသိမ်းထားရှိချင်တာကြောင့် ရေနံထုတ်လုပ်တင်ပို့မှုက အတိုင်းအတာတစ်ခုအထိသာ တိုးမြှင့်ဖွယ်ရှိပါတယ်။

 

လက်ရှိ OPEC+ ရဲ့သဘောတူညီချက်အရ နောက်လကစပြီး ဆော်ဒီကနေ တစ်နေ့ကို ရေနံစည်ပိုင်း ၁၁ သန်းနီးပါး ထုတ်လုပ်ရမှာဖြစ်ပါတယ်။

 

အမေရိကန်နဲ့ ဆောဒီအာရေဗျနိုင်ငံတို့ကြား သန့်စင်သော စွမ်းအင်ထုတ်လုပ်ရေးမှာလည်း လက်တွဲပူးပေါင်းထားကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ထားပါတယ်။

 

ထိုကိစ္စမှာ သန့်စင်တဲ့ စွမ်းအင်ရရှိရေးအတွက် ကျောက်ဖြစ်ရုပ်ကြွင်းတွေကနေ ဆက်ပြီး မထုတ်လုပ်ဖို့ ဆော်ဒီက ရင်းနှီးမြှုပ်နှံမှုတွေကို အရှိန်မြှင့်လုပ်ဆောင်သွားမယ့်ကိစ္စတွေ ပါဝင်ပါတယ်။

 

Source: Bloomberg
#Yangon_Media_Group