#Health_Science
Published 16 July 2022

 

ကယ်လီဖိုးနီးယားတက္ကသိုလ်မှ သုတေသီများက SARS-CoV-2 စပိုက်ခ်ပရိုတိန်းအတွက် ပဋိပစ္စည်း(antibody)များကို ကြက်ဉကနေ အောင်မြင်စွာထုတ်လုပ်နိုင်ခဲ့ပါတယ်။

 

ထိုပဋိပစ္စည်းတွေက ကိုဗစ်-၁၉ ရောဂါကူးစက်ခြင်းကို ကာကွယ်ကုသတဲ့နေရာမှာ အသုံးဝင်နိုင်ကြောင်း ဖော်ပြခဲ့ကြပါတယ်။

 

ယူစီဒေးဗီးစ်တိရိစ္ဆာန်ဆေးပညာဆိုင်ရာ တက္ကသိုလ် ကြက်ငှက်မွေးမြူရေးနှင့်ဆေးပညာဆိုင်ရာ ပရော်ဖက်ဆာ'ရိုဒရီဂိုဂယ်လာဒို'က ငှက်တွေဟာ ပဋိပစ္စည်းအမြောက်အများကို အကုန်အကျသက်သာစွာနဲ့ အချိန်တိုအတွင်း ထုတ်လုပ်ရန်အတွက် အကောင်းဆုံးဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။

 

"ဒီနည်းလမ်းရဲ့အဓိကအရေးပါမှုက ငှက်တွေဟာ ပဋိပစ္စည်းများစွာထုတ်လုပ်နိုင်တာပါပဲ၊ ကြက်ဥတွေမှာပါဝင်တဲ့ပဋိပစ္စည်းတွေက အကုန်အကျသက်သာတဲ့အပြင် ကြက်မတွေကို ကိုယ်ခံအားစနစ်မြှင့်တင်တဲ့နေရာမှာ လွယ်ကူလျင်မြန်စွာပြောင်းလဲနိုင်ပြီး လက်ရှိမျိုးဗီဇကွဲတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်" လို့ ပြောပြခဲ့ပါတယ်။

 

ငှက်တွေကထုတ်တဲ့ ပဋိပစ္စည်း IgY ဟာ လူသားတွေရဲ့ပဋိပစ္စည်း IgG နဲ့ဆင်တူပြီး IgY ကို လူသားထဲထည့်သွင်းတဲ့အခါ ဓာတ်မတည့်တာမျိုးမဖြစ်စေပါဘူး။
IgY က ငှက်တွေရဲ့သွေးရည်ကြည်နဲ့ ဥတွေထဲမှာပါဝင်ပါတယ်။

 

ကြက်တွေက တစ်နှစ်ကို ဥ ၃၀၀ လောက်ဥကြတာကြောင့် သူတို့မှာ IgY ပမာဏအများအပြားပါဝင်ကြောင်း 'ဂယ်လာဒို'က ဆိုပါတယ်။

 

သုတေသီတွေက ကာကွယ်ဆေး ၃ လုံး ၂ ကြိမ်ကို ကြက်မတွေထံ ထိုးပေးလိုက်တဲ့အခါ SARS-CoV-2 စပိုက်ခ်ပရိုတိန်းကို သွားပေါင်းပစ်လိုက်ပါတယ်။

 

အဲဒီနောက် ကာကွယ်ဆေးထိုးပြီး ၃ ပတ်မှ ၆ ပတ်ကြာတဲ့အခါ ကြက်မတွေနဲ့ ကြက်ဥအနှစ်တို့ရဲ့ သွေးနမူနာများမှ ရရှိတဲ့ပဋိပစ္စည်းများကို တိုင်းတာခဲ့ကြပါတယ်။

 

ထိုပဋိပစ္စည်းတွေက လူတွေကို ကိုဗစ်ရောဂါပိုးကူးစက်မှုမှ ကာကွယ်နိုင်သလားဆိုတာကိုသိရှိရန် ဗာဂျီးနီးယားရှိ ဂျော့ဂျ်မေဆန်တက္ကသိုလ်မှ သုတေသီများက စမ်းသပ်ခဲ့ကြပါတယ်။

 

ကြက်ဥတွေရော သွေးရည်ကြည်တွေမှာပါ SARS-CoV-2 ကိုဖော်ထုတ်နိုင်တဲ့ ပဋိပစ္စည်းများပါဝင်ပြီး သွေးရည်ကြည်ထဲက ပဋိပစ္စည်းတွေက ဗိုင်းရပ်စ်တွေကိုချေဖျက်ရာမှာ ပိုအသုံးဝင်ကြောင်း တွေ့ခဲ့ကြပါတယ်။

 

'ဂယ်လာဒို'က ထိုပဋိပစ္စည်းတွေကို ကိုဗစ်ရောဂါပိုးထိတွေ့နိုင်ချေမြင့်မားတဲ့လူတွေမှာ စပရေးဖျန်းတဲ့အနေနဲ့ အသုံးပြုနိုင်ဖို့ ရည်ရွယ်ထားပါတယ်။

 

Source: The Jerusalem Post
#Yangon_Media_Group