#WorldPolitics
Published 15 July 2022

 

သီရိလင်္ကာသမ္မတ'ဂိုတာဘာယာရာဂျာပက်ခ်ဆာ'က စင်္ကာပူနိုင်ငံသို့ထွက်ပြေးသွားပြီး နာရီပိုင်းအကြာမှာ သမ္မတရာထူးမှ နှုတ်ထွက်ကြောင်း စာတစ်စောင်တင်ခဲ့တယ်လို ပါလီမန်လွှတ်တော်ဥက္ကဌရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။

 

တိုင်းပြည်တွင်း စီးပွားရေးပြိုလဲကာ လူအများဆန္ဒပြခဲ့ကြပြီးနောက် သီရိလင်္ကာသမ္မတက နိုင်ငံမှထွက်ပြေးတိမ်းရှောင်နေခဲ့ပါတယ်။

 

ဆန္ဒပြသူတွေက ညမထွက်ရအမိန့်ကိုဖီဆန်ကာ သမ္မတရုံးအပြင်ဘက်မှာ လူစုလူဝေးဖြင့်ရှိနေကြပြီး အခုလိုသမ္မတရာထူးမှ နှုတ်ထွက်ကြောင်းကြေညာပြီးနောက် စီးပွားရေးမြို့တော်ကိုလံဘိုမှာ အောင်ပွဲခံနေကြပါတယ်။

 

လူအုပ်ကြီးက မီးရှူးမီးပန်းများလွှတ်၊ ကခုန်ကြပြီး 'ရာဂျာပက်ခ်ဆာ'ရဲ့နာမည်ကိုလှောင်ပြောင်ကာ ကြွေးကြော်နေကြပါတယ်။

 

"တစ်နိုင်ငံလုံး ဒီနေ့အောင်ပွဲခံကြမှာပါ၊ ဒီတိုင်းပြည်ကြီး သူတို့လက်ထဲကနေ လွတ်မြောက်မယ်လို့ မထင်ခဲ့မိပါဘူး"လို့ ဆန္ဒပြသူတစ်ဦးကပြောပြပါတယ်။

 

'ရာဂျာပက်ခ်ဆာ'မိသားစုဟာ သီရိလင်္ကာနိုင်ငံကို ဆယ်စုနှစ် ၂ ခုလောက်ကြာတဲ့အထိ ခြယ်လှယ်လာခဲ့တာပါ။

 

သမ္မတ'ရာဂျာပက်ခ်ဆာ'က ကြာသပတေးနေ့မှာ အီးမေးလ်ဖြင့် နှုတ်ထွက်စာပို့ခဲ့ပြီး တရားဥပဒေအတိုင်းအတည်ပြုပြီးတာနဲ့ သောကြာနေ့မှာ တရားဝင်ဖြစ်လာမှာဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

 

သမ္မတဟောင်းက ဗုဒ္ဓဟူးနေ့မှာ မော်လ်ဒိုက်သို့ထွက်ပြေးခဲ့ပြီး ကြာသပတေးနေ့မှာတော့ ဆော်ဒီအာရေဗျလေကြောင်းလိုင်းဖြင့် စင်္ကာပူသို့သွားရောက်ခဲ့ကြောင်း နီးစပ်သူတစ်ဦးက ပြောပြပါတယ်။

 

'ဂိုတာဘာယာရာဂျာပက်ခ်ဆာ'နဲ့ သူ့ဇနီးတို့လိုက်ပါလာတဲ့ သီရိလင်္ကာလေတပ်လေယာဉ်ကို မော်လ်ဒိုက်အစိုးရက သံတမန်ရေးအရ ခွင့်ပြုခဲ့ကြောင်း မော်လ်ဒိုက်ဘက်က အတည်ပြုခဲ့ပါတယ်။

 

လေယာဉ်ပေါ်လိုက်ပါလာတဲ့ အမည်မဖော်လိုသူတစ်ဦးရဲ့ပြောကြားချက်အရ 'ရာဂျာပက်ခ်ဆာ'ဟာ လုံခြုံရေးသက်တော်စောင့်အဖွဲ့နဲ့တွေ့ဆုံခဲ့ပြီး လေဆိပ်ဗီအိုင်ပီနေရာကနေ ကားနက်တွေနဲ့ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။

 

'ရာဂျာပက်ခ်ဆာ'က စင်္ကာပူကို သီးသန့်လာရောက်လည်ပတ်တဲ့ ပုံစံမျိုးဖြစ်ပြီး ခိုလှုံ့ခွင့်တောင်းခံတာမျိုး မရှိကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။

 

'ရာဂျာပက်ခ်ဆာ'ရဲ့မိတ်ဖက်ဝန်ကြီးကို ယာယီသမ္မတအဖြစ်အုပ်ချုပ်စေတာကလည်း ဆန္ဒပြမှုများ ပိုမိုဖြစ်ပွားစေခဲ့ကာ ပါလီမန်မှာဝင်ရောက်သောင်းကျန်းကြပြီး ဝန်ကြီးချုပ်ရုံးကလည်း သူ့ကိုနှုတ်ထွက်စေချင်ခဲ့တာဖြစ်ပါတယ်။

 

"ဝန်ကြီးချုပ်ကိုလည်း နှုတ်ထွက်စေချင်ပါတယ်၊ သူတို့ကတိုင်းပြည်ကို ရောင်းစားနေကြတာပါ၊ လူကောင်းသူကောင်းတစ်ယောက်ကို အာဏာရစေချင်ပါတယ်၊ အဲဒီမတိုင်ခင် ကျွန်တော်တို့ဆန္ဒပြတာ ရပ်တန့်သွားမှာမဟုတ်ပါဘူး" လို့ ပါလီမန်ဆန္ဒပြမှုမှာပါဝင်တဲ့ အသက် ၂၉ နှစ်အရွယ် တုတ်တုတ်ယာဉ်မောင်းတစ်ဦးက ပြောပြခဲ့ပါတယ်။

 

Source: Reuters
#Yangon_Media_Group