#WorldTechnology
Published 12 July 2022

 

ကလေးတွေရဲ့အခြေအနေကိုစောင့်ကြည့်ပေးပြီး အရေးပေါ်ကိစ္စများနဲ့ ကလေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးရေးပြဿနာများကို မိဘများထံအသိပေးနိုင်မယ့် ဉာဏ်ရည်တုစက်ပစ္စည်းတစ်ခုကို LittleOne.Care ကုမ္ပဏီက တီထွင်ထုတ်လုပ်နေပါတယ်။

 

ကလေးမွေးပြီးခါစအချိန်မှာတင်ပဲ ကလေးကိုအနှောင့်အယှက်မဖြစ်စေဘဲနဲ့ ကလေးအနှီးအဝတ်တွေမှာ ထိုစက်ပစ္စည်းကို တပ်ဆင်နိုင်ပါတယ်။

 

အဆိုပါစက်ပစ္စည်းက ကလေးတွေရဲ့အသံ၊ လှုပ်ရှားမှုတွေကို ဆန်းစစ်စောင့်ကြည့်သွားမှာဖြစ်ပြီး ကလေးရဲ့တစ်နေ့တာဖြတ်သန်းခဲ့သမျှကို ထုတ်နှုတ်အသိပေးသွားမှာပါ။

 

ရယ်မောခြင်း၊ ငိုယိုခြင်း၊ ဂီတသံကြားရာသို့ ရွေ့လျားခြင်း၊ တစ်ခုခုအားတုံ့ပြန်ခြင်းစတဲ့ ကလေးရဲ့ခံစားမှု၊ လှုပ်ရှားမှုများကို မှတ်တမ်းတစ်ခုအနေနဲ့ စုစည်းဖော်ပြသွားမှာဖြစ်ပါတယ်။

 

နေ့ကလေးထိန်းကျောင်းတွေမှာ သင့်တော်တဲ့စောင့်ရှောက်မှုမရရှိတဲ့အခါမျိုး၊ ကလေးတွေအနိုင်ကျင့်ခံရတာမျိုး စတဲ့အခြေအနေတွေကိုလည်း မိဘတွေအရေးပေါ်သိရှိနိုင်အောင် အသိပေးနိုင်ပါတယ်။

 

ပြီးခဲ့တဲ့နှစ်တုန်းက ကလေးတွေအနိုင်ကျင့်ခံရတဲ့သတင်းတွေထွက်လာတာကြောင့် ပိတ်သိမ်းလိုက်ရတဲ့ ကလေးထိန်းကျောင်းအများအပြားရှိခဲ့ပြီး ထိုစက်ပစ္စည်းဖြင့် ဒီလိုအခြေအနေတွေမှာ သိသိသာသာကူညီဆောင်ရွက်ပေးနိုင်မှာပါ။

 

အခြားအချက်ပေးမှုတွေထဲမှာတော့ ကလေးက တီဗီနဲ့ လက်ကိုင်ဖုန်းဖန်သားပြင်ကို အချိန်ကြာမြင့်စွာကြည့်မိနေတာမျိုး၊ ကားထဲမှာရှိပြီး မိဘတွေသွားလေ့မရှိတဲ့နေရာမျိုးမှာရှိနေခြင်း၊ စက်ပစ္စည်းဖယ်ရှားခံလိုက်တဲ့အခြေအနေမျိုးတွေ ပါဝင်ပါတယ်။

 

နောက်ထပ်အရေးပါတဲ့အချက်ကတော့ ကလေးကိုကားထဲမှာမေ့ပြီးထားခဲ့မိတဲ့ အခြေအနေမျိုးဖြစ်ပါတယ်။

 

ဒီလိုအဖြစ်အပျက်မျိုးကြောင့် နှစ်စဉ် ကလေးဒါဇင်နဲ့ချီပြီး သေဆုံးနေရပါတယ်။

 

အချက်အလက်တွေ ပြန်လည်တင်ပြခြင်းရဲ့ရည်ရွယ်ချက်က ကလေးတွေဘဝရဲ့ အရေးကြီးတဲ့ကြီးထွားဖွံ့ဖြိုးမှုအဆင့်ကာလတွေမှာ မိဘတွေကိုအကူအညီဖြစ်စေပြီး ကျန်းမာရေးဆေးဘက်ဆိုင်ရာအကြံဉာဏ်များ ပံ့ပိုးပေးနိုင်ရန်ဖြစ်ပါတယ်။

 

Source: The Jerusalem Post.
#Yangon_Media_Group