Published 26 June 2022

တောင်အာဖရိကနိုင်ငံ  အရှေ့လန်ဒန်မြို့နှင့်အနီးက နာမည်ကြီး နိုက်ကလပ်တစ်ခုအတွင်း တနင်္ဂနွေနေ့မနက်အစောကြီးမှာ နိုက်ကလပ်တက်ခဲ့ကြတဲ့  လူငယ်တွေ အနည်းဆုံး ၂၂ ဦး ထူးဆန်းစွာသေဆုံးနေကြတာ တွေ့ရပြီး ဘာကြောင့်သေဆုံးရတယ်ဆိုတာကို နိုင်ငံအာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

အလောင်းတွေကို ပြည်နယ် ရင်ခွဲရုံကိုပို့လိုက်ကြပြီး သူတို့ဟာ  အမျိုးသားရောအမျိုးသမီးတွေပါဖြစ်ကြတယ်။ သူတို့ ဘယ်သူဆိုတာကို အဲဒီနေရာမှာ ဆွေမျိုးသားချင်းတွေက ခွဲခြားသိရှိနိုင်ကြလိမ့်မယ်လို့ အရှေ့ကိတ်ပြည်နယ် ကျန်းမာရေးဌာနက ပြောရေးဆိုခွင့်ရှိသူ ဆီယာဒါမန်နာနာက ပြောပါတယ်။

“ သေဆုံးရတဲ့အကြောင်းရင်းသိရအောင် ကျွန်တော်တို့ ချက်ခြင်းပဲ အလောင်းတွေကိုခွဲစိတ်စစ်ဆေးမယ်” လို့ သူကပြောပါတယ်။အဲဒီအပြင် မှုခင်းဆေးပညာရပ်ပညာရှင်တွေကလည်း အခင်းဖြစ်တဲ့ အင်ယိုဘင်နီနိုက်ကလပ်မှာ ကြိုးစား စစ်ဆေးနေကြတယ်။ သေဆုံးသူ ၂၂ ဦးရှိပြီးသူတို့ဟာ အသက်၁၈နှစ်နှင့် ၂၀အကြားရှိကြတယ်လို့သူကဖြည့်စွက်ပြောပါတယ်၊

သေဆုံးသူတွေဟာ စားပွဲတွေ၊ကုလားထိုင်တွေနှင့် ကြမ်းပြင်အပေါ် လဲကျသေဆုံးနေပြီး သိသာတဲ့ ဒဏ်ရာဒဏ်ချက်တွေမတွေ့ရဘူးလို့ ဒေသခံမီဒီယာတွေကရေးကြပါတယ်။

ဒေသခံသတင်းစာ ဒစ်ချ်ပ်လိုက်ဗ်ကတော့ သေသူတွေဟာ အဆိပ်တစ်မျိုးမျိုးသင့်ခဲ့ကြပုံရတယ်လို့ရေးသားပါတယ်။

Source: Reuters and Agencies