#War_Crisis
Published 9 June 2022

 

ယူကရိန်းကို ရုရှားကျူးကျော်ခြင်းရဲ့အကျိုးဆက်တွေက တစ်ကမ္ဘာလုံးမှာ ပိုမိုဆိုးရွားလာပြီး လူပေါင်း ၁.၆ ဘီလီယံခန့် ဒုက္ခရောက်ဖွယ်ရှိနေကြောင်း ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်'အန်တိုနီယိုဂူတာရက်စ်'က ဇွန်လ ၈ ရက်နေ့ ဗုဒ္ဓဟူးနေ့က သတိပေးပြောကြားလိုက်ပါတယ်။

 

"စားနပ်ရိက္ခာဖူလုံရေး၊ စွမ်းအင်ကဏ္ဍ၊ ဘဏ္ဍာရေးကဏ္ဍတို့မှာ စစ်ပွဲရဲ့သက်ရောက်မှုက ပိုပြီးပြင်းထန်လာပါပြီ၊ တစ်ကမ္ဘာလုံးမှာ စစ်ပွဲရဲ့သက်ရောက်မှုက မကြုံစဖူးငတ်မွတ်ခေါင်းပါးမှုဖြစ်ပေါ်လာနိုင်စေပြီး လူမှုရေးစီးပွားရေးများ မငြိမ်မသက်ဖြစ်လာနိုင်ပါတယ်၊ ယခုနှစ်မှာ စားနပ်ရိက္ခာရရှိရေးအကျပ်အတည်းဖြစ်နေပြီး နောက်နှစ်မှာတော့ စားနပ်ရိက္ခာပြတ်လတ်မှုဖြစ်ပေါ်လာနိုင်ပါတယ်၊ ဒီပြဿနာတွေရပ်တန့်ဖို့တစ်ခုတည်းသောနည်းလမ်းက ရုရှားကျူးကျော်ခြင်း အဆုံးသတ်မှရပါမယ်"လို့ ကုလထွေချုပ်က ပဋိပက္ခဂယက်ရိုက်ခတ်မှုများနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ဒုတိယအကြိမ်အစီရင်ခံစာကို တင်ပြခဲ့ပါတယ်။

 

ပင်လယ်နက်မှတဆင့် ယူကရိန်းနိုင်ငံထုတ်ကုန်အစားအသောက်များကို ဘေးကင်းစိတ်ချစွာတင်ပို့နိုင်ရေးနဲ့ ရုရှားအစားအစာများနဲ့ မြေဩဇာများ ကမ္ဘာ့ဈေးကွက်သို့ အတားအဆီးမရှိဝင်ရောက်နိုင်ရေးတို့အတွက် ကုလထွေချုပ်က လက်တွဲဖော်နိုင်ငံများအား အကူအညီတောင်းဆိုထားပါတယ်။

 

ဒီဆောင်ရွက်ချက်က ဆာဟာရအာဖရိကအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများမှ သန်းပေါင်းရာနဲ့ချီတဲ့လူတွေအတွက် အလွန်အရေးကြီးကြောင်း 'ဂူတာရက်စ်'ကဆိုပါတယ်။

 

ကုလသမဂ္ဂရဲ့အစီရင်ခံစာထဲမှာ နိုင်ငံ ၉၄ နိုင်ငံလောက်က လူဦးရေ ၁.၆ ဘီလီယံလောက်ဟာ အကျပ်အတည်းအနည်းဆုံးတစ်မျိုးလောက်ကို ပြင်းပြင်းထန်ထန်ရင်ဆိုင်နေရပြီး ဖြေရှင်းနိုင်စွမ်းမရှိဘူးလို့ ဖော်ပြထားပါတယ်။

 

၁.၆ ဘီလီယံထဲကမှ ၁.၂ ဘီလီယံလောက်က ဘဏ္ဍာရေး၊ စားနပ်ရိက္ခာ၊ စွမ်းအင်ကဏ္ဍသုံးရပ်စလုံးမှာ တစ်ပြိုင်တည်းဒုက္ခတွေ့နိုင်ပါတယ်။

 

၂၀၂၂ အတွင်း စားနပ်ရိက္ခာမလုံလောက်သူဦးရေ ၄၇ သန်းရှိရာမှ နှစ်ကုန်ရောက်တဲ့အခါ ၃၂၃ သန်းရှိလာမယ်လို့ ခန့်မှန်းထားပါတယ်။

ယခုနှစ်အတွင်း အာဖရိကနိုင်ငံသား ၅၈ သန်းခန့် ဆင်းရဲတွင်းကျနိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။

 

၂၀၂၂ မှာ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကမြောက်ဘက်ပိုင်းတို့မှာ လူဦးရေ ၂.၈ သန်းဆင်းရဲတွင်းနက်နိုင်ပြီး တောင်အာရှမှလူဦးရေသန်း ၅၀၀ ဒုက္ခရောက်နိုင်ဖွယ်ရှိနေပါတယ်။

အထိခိုက်နိုင်ဆုံးနေရာဒေသတွေကို စားနပ်ရိက္ခာနဲ့ စွမ်းအင်ထောက်ပံ့ရရှိရေးအတွက် ကြိုးစားအားထုတ်ရပါမယ်လို့ အစီရင်ခံစာမှာ ဖော်ပြသွားပါတယ်။

 

Source: The Straits Times
#Yangon_Media_Group