#WorldHealth
Published 5 June 2022

 

ဖိုင်ဇာကုမ္ပဏီမှထုတ်လုပ်တဲ့ ပက်ဇ်လိုဗစ်(Paxlovid) ကိုဗစ်ကုသဆေးဟာ အသက် ၆၅ နှစ်နဲ့အထက် ကာကွယ်ဆေးထိုးထားတဲ့သူတွေရော ကာကွယ်ဆေးမထိုးထားတဲ့သူတွေမှာပါ ဆေးရုံတက်ကုသခံယူရမှုနဲ့ အသက်ဆုံးရှုံးမှုတို့ကို လျှော့ချပေးနိုင်ကြောင်း အိုမီခရွန်မျိုးဗီဇကွဲ ကူးစက်မှု မြင့်မားနေတဲ့ကာလအတွင်း ပြုလုပ်ခဲ့တဲ့ အစ္စရေးလ်ရဲ့လေ့လာမှုတစ်ခုမှာဖော်ပြခဲ့ပါတယ်။

 

ဒါပေမဲ့အဆိုပါဆေးဟာ လူလတ်ပိုင်းတွေမှာတော့ ရောဂါပြင်းထန်စွာဖြစ်ပွားခြင်းမျိုးကို မကာကွယ်နိုင်ဘူးလို့ အစ္စရေးလ်မှကလဲလစ်ကျန်းမာရေးဝန်ဆောင်မှုရဲ့ သုတေသနမှတ်တမ်းမှာ ဖော်ပြထားပါတယ်။

 

ဖိုင်ဇာရဲ့ပက်ဇ်လိုဗစ်ဆေးကို ရောဂါအန္တရာယ်ဆိုးရွားနိုင်တဲ့လူတွေမှာ ရောဂါပြင်းထန်ခြင်းကိုကာကွယ်နိုင်ဖို့ ကူးစက်ပြီးခါစအချိန်မှာအသုံးပြုရတာဖြစ်ပြီး အမေရိကန်မှာ အသုံးများနေပြီဖြစ်ပါတယ်။

 

အစိုးရအဖွဲ့က ပက်ဇ်လိုဗစ်ဆေးတွေကိုအသုံးပြုဖို့ တိုက်တွန်းထားပြီး ဆေးတွေဝယ်ယူကာ အခမဲ့ထောက်ပံ့ပေးနေပါတယ်။

 

ဖိုင်ဇာက ဒယ်လ်တာကူးစက်မှုကာလအတွင်း ရောဂါဆိုးရွားနိုင်ပြီးကာကွယ်ဆေးမထိုးထားတဲ့သူတွေမှာ ပက်ဇ်လိုဗစ်နဲ့စမ်းသပ်မှုပြုလုပ်ခဲ့ရာ ဆေးရုံတက်ကုသခံယူရမှုနဲ့ အသက်သေဆုံးမှုနှုန်းတို့ကို ၉၀ ရာခိုင်နှုန်းလျှော့ချပေးနိုင်ခဲ့ပါတယ်။

ပက်ဇ်လိုဗစ်ဆေးသောက်သုံးပြီး ရောဂါသက်သာလာတဲ့လူနာတွေမှာ ကိုဗစ်လက္ခဏာပြန်ပေါ်တာမျိုးတွေဖြစ်ပေါ်ကြောင်း အကြောင်းကြားမှုများရှိလာတာကြောင့် စိုးရိမ်စရာအနည်းငယ်ဖြစ်လာရပြီး ကာကွယ်ဆေးထိုးထားတဲ့သူတွေမှာ ထိရောက်မှုနည်းပါးနေနိုင်ပါတယ်။

 

ဇန်နဝါရီ ၉ ရက်မှ မတ်လ ၁၀ ရက်နေ့အတွင်း အစ္စရေးလ်မှာအိုမီခရွန်ကူးစက်ပျံ့ပွားနေချိန်မှာ လူနာ ၁၁၀,၀၀၀ ခန့်ရဲ့အချက်အလက်တွေကို လေ့လာခဲ့ပါတယ်။

 

ကာကွယ်ဆေးမထိုးထားဘဲ ကိုဗစ်ရောဂါခုခံအားမရရှိသေးတဲ့လူကြီးတွေမှာ ပက်ဇ်လိုဗစ်သောက်သုံးခြင်းဖြင့် ဆေးရုံတက်ကုသခံယူရမှုကို ၈၆ ရာခိုင်နှုန်းလျှော့ချပေးနိုင်ခဲ့ပြီး ရောဂါခုခံအားရှိပြီးသားသူတွေမှာတော့ ၆၀ ရာခိုင်နှုန်းသာကာကွယ်ပေးနိုင်ပါတယ်။

ပက်ဇ်လိုဗစ်နဲ့စမ်းသပ်တဲ့ အသက် ၆၅ နှစ်နဲ့အထက်လူကြီးတွေထဲက ဝ.၆ ရာခိုင်နှုန်းသာ ဆေးရုံတက်ကုသခံယူခဲ့ရပါတယ်။

 

အသက် ၄၀ နဲ့ ၆၄ နှစ်ကြားလူလတ်ပိုင်းတွေမှာ ရောဂါခုခံအားရှိသည်ဖြစ်စေ/မရှိသည်ဖြစ်စေ ဆေးရုံတက်ကုသခံယူရခြင်းကို သိသိသာသာမလျှော့ချပေးနိုင်ကြောင်း ကလဲလစ်မှသုတေသီ'ရိုနန်အာဘယ်လ်'က ဆိုပါတယ်။

 

အသက်အန္တရာယ်သေဆုံးမှုကို လျှော့ချရာမှာလည်း အသက် ၆၅ နှစ်နဲ့အထက်လူကြီးတွေမှာ ၈၁ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပြီး လူလတ်ပိုင်းတွေမှာသိသိသာသာ ထိရောက်မှုမရှိလှပါဘူး။

 

လူနာတွေခံစားရတဲ့ လက္ခဏာများကို တင်ပြမှုအချက်အလက်မရှိခြင်းကနေ ရောဂါကုသမှုကိုထိခိုက်စေနိုင်ပြီး အရင်က ရောဂါခုခံအားရရှိထားတဲ့အတိုင်းအတာကြောင့် သူတိုရဲ့လေ့လာချက်တွေ မမျှမတဖော်ထုတ်မိတာမျိုးလည်းဖြစ်နိုင်တယ်လို့ သုတေသီတို့ကသတိပြုမိထားပါတယ်။

 

Source: Reuters.
#Yangon_Media_Group