#WorldPolitics
Published 30 May 2022

 

ရုရှားတိုက်ခိုက်မှုရန်မှ ကာကွယ်ပြီး ယူကရိန်းကိုဆက်လက်ထောက်ပံ့ကူညီသွားဖို့အကြောင်း ထုတ်ပြန်ကြေညာရန် ဥရောပသမဂ္ဂ(အီးယူ)ခေါင်းဆောင်များက တနင်္လာနေ့မှာတွေ့ဆုံဆွေးနွေးသွားမှာဖြစ်ပါတယ်။

 

ရုရှားတို့ကျူးကျော်တာ ၄ လကြာလာတဲ့အချိန်မှာ ယူကရိန်းကိုအကောင်းဆုံးကူညီထောက်ပံ့မယ့်အရေး၊ စစ်ပွဲပဋိပက္ခရဲ့ဂယက်သက်ရောက်မှု၊ စွမ်းအင်ဈေးနှုန်းမြင့်တက်လာခြင်း၊ စားနပ်ရိက္ခာပြတ်လပ်လာနိုင်တဲ့အရေး၊ အီးယူကာကွယ်ရေးလိုအပ်များ စတဲ့ကိစ္စရပ်များကို ၂၇ နိုင်ငံပါဝင်တဲ့အဖွဲ့အစည်းမှ ခေါင်းဆောင်များက ၂ ရက်တာဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

 

အစည်းအဝေးမူကြမ်းကောက်နုတ်ချက်နဲ့ ပတ်သက်ပြီး ရိုက်တာသတင်းဌာနရဲ့ထင်မြင်ချက်က အီးယူက ယူကရိန်းအစိုးရကို နှုတ်အားဖြင့်ရက်ရက်ရောရောကူညီမယ်လို့သိထားရပြီး အဓိကအကြောင်းအရာတွေနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်အသစ်တွေကတော့ အနည်းငယ်သာပါဝင်မှာဖြစ်ကြောင်း သိရှိရပါတယ်။

 

"ယူကရိန်းကို ရုရှားတိုက်ခိုက်ပြီးနောက် ဥရောပကစည်းလုံးညီညွတ်ရင် ဘာတွေလုပ်နိုင်လဲဆိုတာကျွန်တော်တို့မြင်တွေ့ခဲ့ရပါတယ်၊ မနက်ဖြန်ထိပ်သီးအစည်းအဝေးပွဲကျရင် ဒီအတိုင်းရှေ့ဆက်သွားနိုင်ဖို့ မျှော်လင့်ပါတယ်၊ ဒါပေမဲ့ ထပ်ပြီးပြိုလဲစပြုနေပြန်ပါပြီ" လို့ ဂျာမနီစီးပွားရေးဝန်ကြီး'ရောဘတ်ဟာဘတ်ခ်'က တနင်္ဂနွေနေ့က ပြောကြားခဲ့ပါတယ်။

 

အမြင်သာဆုံးကိစ္စကတော့ အီးယူချေးငွေ ယူရို ၉ ဘီလီယံကို အတိုးတစ်စိတ်တစ်ပိုင်းကာမိစေရန် ထောက်ပံ့ကြေးအနည်းငယ်ဖြင့် ခေါင်းဆောင်များက နိုင်ငံရေးကျောက်ထောက်နောက်ခံပြုသွားဖို့ဖြစ်ပြီး ယူကရိန်းအနေနဲ့ အစိုးရကဆက်လက်ရှေ့ဆက်လုပ်ကိုင်နိုင်သလို နှစ်လလောက်အထိ လုပ်ခလစာများ ပေးဆောင်စေနိုင်မှာဖြစ်ပါတယ်။

 

ဒါတောင်မှ ဥရောပကော်မရှင်က ရန်ပုံငွေဘယ်လိုစုဆောင်းမလဲဆိုတာကို အတည်ပြုပြီးနောက်ပိုင်းမှသာ ဆုံးဖြတ်ချက်ချနိုင်မှာဖြစ်ပါတယ်။

 

မေလအစကတည်းက ကြိုးပမ်းနေကြပေမယ့် အီးယူအစိုးရက ရုရှားအပေါ် ဆဌမမြောက်ဒဏ်ခတ်ပိတ်ဆိုခြင်းအစီအစဉ်ကိုချမှတ်ဖို့ သဘောတူညီမှု မရရှိသေးပါဘူး။

 

ထိုအစီအစဉ်တွေထဲကတစ်ခုက ရုရှားရေနံဝယ်ယူမှုကိုတားမြစ်ပိတ်ပင်ဖို့ဖြစ်ပြီး ဒီပိတ်ပင်မှုကဟန်ဂေရီနိုင်ငံအတွက် လက်ခံနိုင်ဖွယ်မရှိတဲ့အပြင် ဆလိုဗေးကီးယားနဲ့ ချက်ပြည်သူ့သမ္မတနိုင်ငံအတွက်လည်း ပြဿနာကြီးတစ်ရပ်ဖြစ်နေပါတယ်။

 

အခြားဒဏ်ခတ်ခြင်းကိစ္စတွေထဲမှာ ရုရှားအကြီးဆုံးဘဏ် Sberbank ကို SWIFT စနစ်မှ ဖြတ်တောက်ဖယ်ရှားခြင်း၊ အီးယူရှိရုရှားရုပ်သံလွှင့်ဌာနများကို ပိတ်ပင်ခြင်း၊ ပိုင်ဆိုင်မှုစာရင်းရပ်ဆိုင်းခံရပြီး အီးယူနိုင်ငံများသို့ ဝင်ခွင့်မရှိတဲ့ပုဂ္ဂိုလ်များစာရင်းထဲသို့ ထပ်မံဖြည့်သွင်းခြင်း စတဲ့ကိစ္စရပ်တွေဟာ ရေနံဝယ်ယူမှုပိတ်ပင်ရေး သဘောတူညီချက်မရတာကြောင့် နှောင့်နှေးကြန့်ကြာနေရပါတယ်။

 

စစ်ပွဲအပြီး ယူကရိန်းပြန်လည်တည်ဆောက်ရေးအတွက် အီးယူခေါင်းဆောင်များက နိုင်ငံတကာရန်ပုံငွေရှာဖွေဖန်တီးမှုကို ထောက်ခံပြုလုပ်သွားမည်ဖြစ်ပြီး ရပ်ဆိုင်းပိတ်ပင်ခံထားရတဲ့ ရုရှားပိုင်ဆိုင်မှုတွေကို သိမ်းယူသုံးစွဲခွင့်ရဖို့ကိစ္စကို စောင့်ကြည့်ချင်နေတာဖြစ်ပါတယ်။

ဒါပေမဲ့ ဒီကိစ္စကတရားဝင်ဖြစ်မြောက်ဖို့ခက်ခဲတာကြောင့် ဂရုတစိုက်ဖြစ်ဖို့လိုအပ်ကြောင်း တာဝန်ရှိသူများက ပြောပြပါတယ်။

 

ရုရှားရေတပ်က ပုံမှန်သွားနေကျလမ်းကြောင်းတွေမှာ ပိတ်ဆိုထားတာကြောင့် ယူကရိန်းက သူတို့ရဲ့စပါးများကို ရထားနဲ့ကုန်တင်ကားတို့ဖြင့် ကမ္ဘာအနှံသို့ပို့ဆောင်နိုင်ဖို့အတွက် ခေါင်းဆောင်များက အရှိန်မြင့်ကူညီဖို့ကတိပြုထားကြပြီး ရုရှားစွမ်းအင်အပေါ်မှီခိုမှု မရှိအောင် အဆင့်ဆင့်လုပ်ဆောင်သွားကြမှာ ဖြစ်ပါတယ်။

စွမ်းအင်ဈေးနှုန်းမြင့်တက်လာခြင်းကို တားဆီးရန်နဲ့ နိုင်ငံအချင်းချင်းစွမ်းအင်ကွန်ရက်ချိတ်ဆက်မှုအပေါ် ရင်းနှီးမြှုပ်နှံဖို့ကိစ္စများအတွက် ခေါင်းဆောင်များက နည်းလမ်းရှာဖွေရန်အသင့်ဖြစ်နေကြပါပြီ။

 

Source: Reuters
#Yangon_Media_Group