Published 29 May 2022

တွစ်တာက နာမည် “တိုကို” လို့သာ သိထားကြတဲ့ ဂျပန်အမျိုးသားတစ်ဦးဟာ သူဝင်နေလို့ရတဲ့ တကယ့် သက်ရှိ သိုးထိန်းခွေးတစ်ကောင်နှင့်တူတဲ့ ဝတ်စုံကြီးတစ်ခုကို  ဂျပန်ယန်းငွေနှစ်သန်း(၁၅,၇၀၀ ဒေါ်လာ)အကုန်အကျခံ ဖန်တီးခဲ့ပါတယ်။

ပြီးခဲ့တဲ့လက တွစ်တာမှာ အဲဒီလူ တင်ခဲ့တဲ့ ဗွီဒီယိုဟာ စတင်ကတည်းက အခုထိ ကြည့်ရှုတဲ့ အကြိမ်ပေါင်း ၁.၇ သန်းကျော် ရှိနေပါပြီ။ အဲဒီဗွီဒီယိုမှာ အဲဒီလူဟာ ခွေးဝတ်စုံကြီးထဲ ဝင်ပြီး တကယ့်ခွေးတစ်ကောင်လို ကြမ်းခင်းမှာ လူးလှိမ့်ပြခဲ့ပါတယ်။ ပြီးတော့ သူ့ရဲ့လက်သည်းတွေနှင့် ကင်မရာကိုနှုတ်ဆက်ပြသခဲ့ပါသေးတယ်။

တိုကိုမှာ YouTube ချယ်နယ်လ်တစ်ခုရှိပြီး အဲဒီချယ်နယ်လ်က တစ်ဆင့် သူဟာ သားမွေးခွေးဝတ်စုံကြီးထဲဝင်ပြီး အတိုအထွာအမျိုးမျိုး လုပ်ပြခဲ့ပါတယ်။ အဲဒီချယ်နယ်လ်မှာ သူက ချယ်နယ်လ်အကြောင်းကို “ ကျွန်တော် တိရိစ္ဆာန်တစ်ကောင်ဖြစ်ချင်တယ်။ အဲဒါကြောင့် အခု သိုးထိန်းခွေးတစ်ကောင်ဖြစ်ခဲ့ပြီ” လို့ရေးသားထားပါတယ်။

တိုကိုရဲ့ ဝတ်စုံကို နောက်ကွယ်က ဖန်တီးပေးခဲ့တဲ့ ကုမ္ပဏီက Zeppet  ဇက်ပက် ဆိုတာဖြစ်ပါတယ်။ ဇက်ပက်က သူတို့ရဲ့ ဝက်ဘ်ဆိုက်မှာ အဲဒီဝတ်စုံနှင့်ပတ်သက်တဲ့ သတင်းအချက်အလက် အသေးစိတ်ဖော်ပြပေးထားပါတယ်။ ဇက်ပက်ဟာ ပုံစံတူတွေနှင့် ရုပ်ရှင်ထဲက ရုပ်တုတွေကို အထူးသဖြင့် ရုပ်မြင်သံကြားနှင့် ရုပ်ရှင်တွေအတွက်  ဖန်တီးပေးရာမှာ လူသိများ ကြပါတယ်။

“ ဖောက်သည်တစ်ဦးရဲ့ မေတ္တာရပ်ခံချက်ကြောင့် ကျွန်တော်တို့ဟာ ခွေးဝတ်စုံတစ်ခု လုပ်ပေးခဲ့ရပါတယ်။ သိုးထန်းခွေးပုံစံတူပါ။ တကယ့် အပြင်က ခြေလေးချောင်းသတ္တဝါခွေးတစ်ကောင်အတိုင်း ထုတ်လုပ်ပေးခဲ့ပါတယ်” လို့ ကုမ္ပဏီက ရေးသားထားပါတယ်။

ဒီဝတ်စုံကို ဖန်တီးရတာ ရက်၄၀ကြာတယ်လို့ ကုမ္ပဏီကပြောပါတယ်။ သူဘာဖြစ်လို့ သိုထိန်းခွေးဝတ်စုံကို ရွေးချယ်ရသလဲ ဆိုတော့ ခွေးရဲ့ ရှည်လျားတဲ့သားမွှေးတွေဟာ သူ့ရဲ့ လူနှင့်တူတဲ့ပုံစံကို ဖုံးကွယ်ပေးထားနိုင်လို့ဖြစ်တယ်လို့ တိုကို က ဂျပန်မီဒီယာ မိုင်နေဗီကို ပြောပါတယ်၊

“ သိုးထိန်းကိုဘာဖြစ်လို့လုပ်ရသလဲဆိုတော့ အဲဒါကို ကျွန်တော်ဝတ်ဆင်လိုက်တဲ့အခါ တကယ့်ခွေးနှင့်တူသွားလို့။ ကျွန်တော် သဘောကျတဲ့ တိရိစ္ဆာန်တွေဟာ ခြေလေးချောင်းကလေးတွေပဲ။ အထူးသဖြင့်  ချစ်စရာကောင်းတာလေးတွေ။ အဲဒါကြောင့် သိုးထိန်းခွေးဝတ်စုံကိုချုပ်တာ။သူက ကျွန်တော့်အကြိုက်ခွေးလေ” လို့ သူကပြောပါတယ်။

ခွေးတစ်ကောင်ရဲ့ အရိုးဖွဲ့စည်းပုံဟာ လူသားနှင့် သိသိသာသာကွာခြားတဲ့အတွက် ခွေးတစ်ကောင်နှင့် အတူနိုင်ဆုံး ဘယ်လို လုပ်ရမယ်ဆိုတာ ဒီဇိုင်းနာတွေက အချိန်ယူပြီး စဉ်းစားခဲ့ရတယ် လို့ ဇက်ပက်ကုမ္ပဏီကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။

“ ကျွန်တော်တို့ ဒီဝတ်စုံကို ရှုထောင့်အမျိုးမျိုးကနေ ဓာတ်ပုံရိုက်ထားပါတယ်။ နောက်ထပ် ပြန်ထုတ်လုပ်လို့ရအောင်ဖြစ်ပြီး အမွှေးတွေက သဘာဝအတိုင်းကျနေအောင် ဖန်တီးရမယ့်နည်းလမ်းတွေအတွက်ဖြစ်တယ်” လို့ ဇက်ပက်ရဲ့ ပြောရေးဆိုခွင့်ရသူကပြောပါတယ်။

Insider က တိုကိုဆီက မှတ်ချက်တောင်းခံပေမယ့် လက်ငင်းကြီး မရသေးပါဘူး။

Source: Insider