#WorldHealth
Published 13 May 2022

 

တရုတ်အစိုးရက ကိုဗစ်ထိန်းချုပ်ကန့်သတ်ချက်များကို အချိန်ကြာမြင့်စွာတင်းတင်းကြပ်ကြပ်ချမှတ်ထားခဲ့ရာမှ ကန့်သတ်ချက်များကို ဖြေလျှော့လိုက်ပါက အိုမီခရွန်ဗိုင်းရပ်စ်ကူးစက်ပျံ့ပွားသွားနိုင်ပြီး ကိုဗစ်လှိုင်းကြောင့်သေဆုံးသူ ၁.၆ သန်းရှိလာနိုင်တယ်လို့ ရှန်ဟိုင်းမြို့ ဖူဒန်တက္ကသိုလ်မှ သုတေသီများက ခန့်မှန်းဖော်ထုတ်လိုက်ပါတယ်။

 

တရုတ်ပြည်က ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်း စီမံကိန်းမှာ ရရှိလာတဲ့ရောဂါကာကွယ်နိုင်စွမ်းက လုံလောက်ခြင်းမရှိဘဲ ဗိုင်းရပ်စ်ကလည်း ကိုယ်ခံအားကာကွယ်နိုင်စွမ်းကို ခံနိုင်ရည်ရှိလာတာကြောင့် ဆေးရုံဆေးခန်းအထူးကြပ်မတ်ဆောင်တွေမှာ စုပြုံလာနိုင်ပါတယ်။

တရုတ်ရဲ့ကိုဗစ်ထိန်းချုပ်ရေးပေါ်လစီကို တစိုက်မတ်မတ်လိုက်နာဆောင်ရွက်ခဲ့ကြရာ ကပ်ရောဂါကာလတလျှောက် ကိုရိုနာဗိုင်းရပ်စ်ကိုထိန်းချုပ်ထားနိုင်ခဲ့ပြီး အဆိုပါလမ်းစဉ်အတိုင်းဆက်လက်ဆောင်ရွက်သွားသင့်ကြောင်း လေ့လာချက်မှာ ဖော်ပြထားပါတယ်။

 

ကိုဗစ်စစ်ဆေးရေးဆောင်ရွက်ချက်တွေ တင်းကြပ်တဲ့လော့ဒေါင်းတွေသာ မရှိပါက မေလနဲ့ဇူလိုင်လအတွင်း အိုမီခရွန်ကူးစက်သူ ၁၁၂.၂ သန်း၊ ဆေးရုံတက်ကုသခံယူရသူ ၅.၁ သန်း၊ သေဆုံးသူ ၁.၆ သန်းရှိလာနိုင်လို ဖော်ပြထားပါတယ်။

 

တင်းကြပ်တဲ့ထိန်းချုပ်ချက်တွေက ရောဂါကူးစက်မှုကို ထိန်းချုပ်ထားနိုင်ပေမယ့် လူမှုစီးပွားရေးတွေကိုတော့ ထိခိုက်စေလျက်ရှိပါတယ်။

 

တရုတ်ပြည်မှာ လော့ဒေါင်းချထားတဲ့ကာလအတွင်း ပြည်သူများကျန်းမာရေးစောင့်ရှောက်မှုရရှိဖို့ခက်ခဲနေခဲ့ပြီး ထုတ်လုပ်ရေးစက်ရုံများ၊ ကုန်ကြမ်းထုတ်လုပ်မှုများ၊ အလုပ်ကဏ္ဍများ ထိခိုက်ခဲ့ရတာကြောင့် လတ်ဆတ်တဲ့အစားအစာရရှိဖို့ ခက်ခဲနေခဲ့ပါတယ်။

တရုတ်ရဲ့ကိုဗစ်ထိန်းချုပ်ရေးပေါ်လစီက စီးပွားရေးကို ထိခိုက်စေတာကြောင့် ပြောင်းလဲဆောင်ရွက်ဖို့ စဉ်းစားသုံးသပ်သင့်ကြောင်း WHO အထွေထွေအတွင်းရေးမှူးချုပ်က တရုတ်ကိုတောင်းဆို လိုက်ပါတယ်။

 

WHO အကြီးအကဲတစ်ယောက်က နိုင်ငံတစ်နိုင်ငံရဲ့ ကိုဗစ်ထိန်းချုပ်ရေးပေါ်လစီကို ဝင်ရောက်စွက်ဖက်တာမျိုးက ဖြစ်တောင့်ဖြစ်ခဲဖြစ်ပြီး အစောပိုင်းကလည်း ဗိုင်းရပ်စ်စတင်ပေါ်ပေါက်ရာ တရုတ်နိုင်ငံကို မျက်နှာသာပေးဆက်ဆံခဲ့လို WHO အကြီးအကဲ ဝေဖန်ခံခဲ့ရပါတယ်။

သမ္မတ’ရှီကျင့်ဖင်’က တင်းကြပ်တဲ့ ကိုဗစ်ပေါ်လစီတွေနဲ့ ကိုဗစ်စစ်ဆေးရေး ကိစ္စရပ်များကို ဆက်လက် ချမှတ်ထားဆဲဖြစ်ပါတယ်။

 

Source: Bloomberg
#Yangon_Media_Group