Published 7 May 2022

အမေရိကန်ပြည်ထောင်စု ကာလီဖိုနီးယားပြည်နယ်က လူ(၆)သန်းကျော်ဟာ လာမယ့်ဇွန်လ(၁)ရက်ကစပြီး ရေသုံးစွဲမှုတွေကို မဖြစ်မနေကန့်သတ်တော့မှာဖြစ်ပါတယ်။ လော့အိန်ဂျလိဒေသမှာနေထိုင်သူတွေဟာ  အိမ်အပြင်ကရေကို  တစ်ပတ်တစ်ကြိမ်သာ သုံးစွဲခွင့်ရတော့မယ်လို့သိရပါတယ်။

ဒီနှစ်ပထမသုံးလဟာ ကာလီဖိုနီးယားသမိုင်းမှာ အခြောက်သွေ့ဆုံးလတွေဖြစ်ခဲ့တဲ့အတွက် ရေသုံးစွဲမှုကို ယခုလိုကန့်သတ်လာရတာဖြစ်ပါတယ်။ အဲသလို အကြီးအကျယ် မိုးခေါင်ရေရှား ဆက်တိုက်ဖြစ်ခဲ့ပြီးနောက်  ပြည်နယ်ထဲကရေလှောင်ကန်အချို့ ဟာ စိုးရိမ်ရေမှတ်အောက်ကိုပါ ရောက်ရှိနေပါတယ်။

“ လာမယ့်နှစ်အတွက် ကျွန်တော်တို့ကို ရေပေးဖို့ အလုံအလောက်ကျန်လိမ့်မယ်လို့ ကျွန်တော်မထင်ဘူး။ ကျွန်တော်တို့ အရေးယူဆောင်ရွက်မှုတွေ ယခုလုပ်ရတော့မယ်။ ဒါဟာ အရေးပေါ်ပဲ။ အခုကစလုပ်ရမယ်။ ကျွန်တော်တို့အခန်းတွင်းသုံးဖို့ ရေတွေရှိဖို့လိုတယ်။ ကျွန်တော်တို့သောက်ဖို့၊ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းဖို့အတွက်တွေဖြစ်တယ်။ ဒါဟာ အကြပ်အတည်းတစ်ခုပါ။ မကြုံစဖူးလည်းဖြစ်တယ်။ အခုစလုပ်ကြရမယ်” လို့ တောင်ပိုင်းကာလီဖိုနီးယားခရိုင်ရဲ့ မြို့ပြရေ အထွေထွေမန်နေဂျာ အက်ဒဲလ် ဟက်ဂီခါလီကပြောပါတယ်။

တောင်ပိုင်းကာလီဖိုနီးယားရေအရာရှိတွေက ဒေသခ့တွေကို သူတို့ရဲ့ အပြင်ပိုင်းရေအသုံးပြုမှုတွေကို ကန့်သတ်ခိုင်းထား ပါတယ်။ ရေစုစုပေါင်းသုံးစွဲမှုရဲ့ ၃၅ ရာခိုင်နှုန်းကို လျှော့ချပစ်ဖို့ရည်ရွယ်လုပ်ဆောင်တာပါ။

စိမ်းလန်းမြက်ခင်းတွေနှင့်ဥယျဉ်တွေ၊ဟင်းရွက်စိုက်ခင်းတွေကို ရေဖြန်းကြတာဟာ အတိတ်တုန်းက တောင်ပိုင်းကာလီဖိုနီးယားမှာ မြင်တွေ့နေကျဖြစ်ပေမယ့် အခုအဲဒါတွေကို မကြုံစဖူးကန့်သတ်တော့မှာပါ။ အဲဒီထဲမှာ ခြံထဲမှာ ရေပန်းတွေအသုံးပြုတာကို တစ်ပတ်တစ်ခါသာ ခွင့်ပြုမှာလည်းပါဝင်ပါတယ်။

သစ်ပင်တွေနှင့်အပင်တွေကို လက်နှင့်ရေဖြန်းကြဖို့ ဒေသခံတွေကို တိုက်တွန်းထားပါတယ်။ ဒါဟာ အခန်းတွင်းသုံးရေကို ထိန်းသိမ်းထားဖို့ နည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်။

“ဘုံပိုင်ခေါင်းတွေရေယိုနေရင် အခုပြင်ထားလိုက်ပါ။ ရေယိုနေတဲ့ အိမ်သာတွေရှိရင် အခုပြင်ပါ။ အဝတ်အစားတွေလျှော်ဖွတ်ရင် ဂျင်းနှင့်တီရှပ်တွေ မထည့်ပါနှင့်။ အားအပြည့်ဖြည့်ပြီးတဲ့အထိစောင့်ပြီးမှလုပ်ပါ” လို့ ဟက်ဂီခါလီက ပြောပါတယ်။

ကာလီဖိုနီးယားကို တတိယမြောက် သောက်ရေဖြန့်ဝေနေတဲ့ ဆီယာနာဗါဒါနှင်းလှောင်ကန်ဟာ (၇)နှစ်အတွင်း အနိမ့်ဆုံး အဆင့်ရောက်ရှိနေပြီးနောက် ယခုလိုကန့်သတ်မှုထုတ်ပြန်ခဲ့တာပါ။

လက်ရှိမှာ ကိုလိုရာဒိုမြစ်အပါအဝင် အမေရိကန်အနောက်ပိုင်းက အကြီးဆုံးရေလှောင်ကန်နှစ်ခုဟာ စိုးရိမ်ရေမှတ်အဆင့် အောက်ရောက်ရှိနေပါတယ်။

“ဒါပေါ့။ ကိုလိုရာဒိုမြစ်ဟာ ပထမဆုံးမလုံလောက်မှုကြောင့် ဒီနှစ်က ပိုရှုပ်ထွေးသွားတယ်။ ပြည်နယ်ရေစီမံကိန်းဟာ ဘယ်သူ့ကိုမဆို ဘယ်လိုရေမျိုးပဲဖြစ်ဖြစ် များများပေးနိုင်မယ့်အခြေအနေမရှိဘူး။ဒါဟာ အလုံးစုံကြိုမြင်နေရာတာတွေ လို့ ထင်မိတယ်” လို့ တောင်ပိုင်းကာလီဖိုနီးယားတက္ကသိုလ်ရဲ့ ပတ်ဝန်းကျင်ဆိုင်ရာဥပဒေပါမောက္ခ ရော်ဘင်ကန်ဒစ်ကရေ့ချ်က ပြောပါတယ်။

အခုလိုကန့်သတ်တာအဆင်မပြေသေးရင် ဒီနှစ်ကုန်ပိုင်းမှာ နောက်ထပ်ကန့်သတ်မှုတွေထပ်လုပ်ရဦးမယ်လို့ ရေအရာရှိတွေက ပြောပါတယ်။

Source CCTV