#Health_Defect
Published 07 May 2022

သားအိမ်လမ်းကြောင်း ၂ ခုဖြင့် မွေးဖွားလာတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်ဟာ သူ့ရဲ့ပုံမှန်မဟုတ်တဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းကြောင့် ကလေးမရမှာ စိုးရိမ်နေပေမယ့် သန္ဓေသားလေးကို သဘာဝလမ်းကြောင်းအတိုင်း မွေးဖွားနိုင်ခဲ့ပါတယ်။

 

အသက် ၂၉ နှစ်ရှိ 'စတက်ဖာနီဟတ်စ်တန်'ဆိုတဲ့ အမျိုးသမီးနဲ့ အသက် ၃၁ နှစ်ရှိ လက်တွဲဖော်'ဘန်လုဒ်ကီ'တိုဟာ 'စတယ်လာ'လို့ နာမည်ပေးထားတဲ့ကလေးကို ပြီးခဲ့တဲ့ဩဂုတ်လက မွေးဖွားနိုင်ခဲ့ပါတယ်။

 

သန္ဓေသားလေးက လက်ဝဲဘက်သားအိမ်မှာပဲ တည်ရှိနေခဲ့ကာ သန္ဓေလှုပ်တဲ့အခါ ဘက်မညီဘဲဖြစ်နေခဲ့ပါတယ်။

 

အသက် ၂၃ နှစ်အရွယ်တုန်းက မိန်းမကိုယ်ကနေ အလွန်နာကျင်လာတာကြောင့် မီးယပ်ဆရာဝန်နဲ့ပြသကြည့်တဲ့အခါ သားအိမ် ၂ ခုရှိတဲ့အခြေအနေကို သိရှိလိုက်ရပါတယ်။

 

ဒါ့အပြင် သားအိမ်လမ်းကြောင်းနဲ့ သားအိမ်ခေါင်းတို့ကပါ ၂ ခုဖြစ်နေတတ်ပါတယ်။
ဒီလိုအခြေအနေမျိုးက အမျိုးသမီးအယောက် ၅ ထောင်မှာ တစ်ဦးဖြစ်တတ်တဲ့အခြေအနေဖြစ်ပြီး သားအိမ် ၂ ခုက ပုံမှန်ထက်ပိုသေးနေတတ်တာကြောင့် ကိုယ်ဝန်ပျက်ကျခြင်း၊ လမစေ့ဘဲမွေးဖွားခြင်းများ ဖြစ်တတ်ပါတယ်။

 

သားအိမ်အတွင်းပိုင်းကို ဖုံးအုပ်ထားတဲ့အလွှာ ကောင်းစွာမဖွံ့ဖြိုးခြင်းနဲ့ သားအိမ်ခေါင်းပုံမှန်မဖြစ်ခြင်းတို့ကြောင့် သန္ဓေတည်ဖို့ပင်ခက်ခဲလေ့ရှိပါတယ်။

 

ဘေးထွက်ဆိုးကျိုးတွေဖြစ်မလာအောင် ဗိုက်ခွဲမွေးခြင်းမျိုး ပြုလုပ်ရလေ့ရှိပေမယ့် မစ္စ'ဟတ်စ်တန်'ကတော့ သဘာဝအတိုင်းမွေးဖွားနိုင်ခဲ့တာဟာ အထူးအဆန်းဖြစ်နေခဲ့ပါတယ်။

 

ကိုယ်ဝန်မဆောင်ခင်အချိန်တွေမှာ ဓမ္မတာလာတဲ့အခါ ပမာဏအလွန်များပြားနေခဲ့ပြီး ဆရာဝန်နဲ့ပြသတိုင်ပင်တဲ့အခါမှ သားအိမ် ၂ ခုဖြစ်နေမှန်းသိလိုက်ရပါတယ်။

 

သားအိမ်လမ်းကြောင်းနဲ့ သားအိမ်ခေါင်း ၂ ခုကြားမှာ အမြှေးပါးအကန့်လေးနဲ့ ပိုင်းခြားထားတာကို တွေ့ရှိရပါတယ်။

 

အဲဒီအမြှေးပါးက ယောနိအပေါက်ဝအထိ မရောက်တာကြောင့် မိန်းမကိုယ်အင်္ဂါ ၂ ခုရှိနေမှန်း မသိခဲ့တာဖြစ်ပါတယ်။

 

အသက်ငယ်ရွယ်သေးတဲ့အရွယ်မှာ ဒီလိုအခြေအနေရှိမှန်းသိလိုက်ရတာကြောင့် ကလေးမရနိုင်တော့ဘူးလားဆိုတဲ့ စိုးရိမ်စိတ်အမြဲရှိခဲ့ပေမယ့် ဘယ်တော့မှလက်မလျှော့ခဲ့ပါဘူး။
အသက် ၂၇ နှစ်တုန်းက ကိုယ်ဝန်ရခဲ့ပေမယ့် ပျက်ကျခဲ့ရပါတယ်။

 

ဒါပေမဲ့မဖြစ်နိုင်တဲ့ကြားထဲကပဲ 'စတယ်လာ'လေးကို ကိုယ်ဝန်လွယ်ခဲ့ရပါတယ်။ ကိုယ်ဝန်က အန္တရာယ်များတာကြောင့် အပတ်တိုင်းအာထရာဆောင်းရိုက်ခဲ့ပါတယ်။

သန္ဓေရှိနေတဲ့သားအိမ်က ကျဉ်းနေတာကြောင့် သန္ဓေဖွံ့ဖြိုးလာတဲ့အခါ ခက်ခဲလိမ့်မယ်လို့ သတိပေးကြပါတယ်။

 

လက်ဝဲဘက်သားအိမ်ထဲမှာပဲ သန္ဓေကြီးထွားလာတာကြောင့် ဗိုက်ရဲ့လက်ဝဲဘက်ခြမ်းကပဲကြီးလာပြီး တဖက်စောင်းနေခဲ့တယ်လို မစ္စ'ဟတ်စ်တန်'က ရှင်းပြပါတယ်။

 

လမစေ့ခင်မွေးမယ်လို့ထင်ခဲ့ကြပေမယ့် ပုံမှန်ထက် ၉ ရက်နောက်ကျကာ ကိုယ်ဝန်သက်တမ်း ၄၁ ပတ်မြောက်မှာ ဆရာဝန်တွေရဲ့အကူအညီနဲ့ အခက်အခဲမရှိ မွေးဖွားနိုင်ခဲ့ပါတယ်။
'စတယ်လာ'လေးကလည်း ကျန်းမာရေးပြဿနာတစ်စုံတရာမရှိဘဲ ‌ဖွံ့ဖြိုးလာတဲ့အတွက် တကယ် ဝမ်းသာမိပါတယ်လို့ ပြောပြသွားပါတယ်။

 

Source: DailyMail
#Yangon_Media_Group