#WorldNews
Published 06 May 2022

အသက် ၇၂ နှစ်ရှိဘန်ကောက်မှအဘိုးအိုတစ်ဦးဟာ ဆုံးပါးသွားခဲ့ပြီးဖြစ်တဲ့ ဇနီးသည်ရဲ့ရုပ်အလောင်းကို ၂၁ နှစ်တိုင်အောင် အိမ်မှာထားရှိခဲ့ပါတယ်။

 

အခုနောက်ဆုံးမှာတော့ ဇနီးရဲ့အလောင်းကို မီးသဂြိုဟ်ခဲ့ပြီး အရိုးပြာတွေကိုအိမ်မှာသိမ်းဆည်းထားကာ ကျန်ရှိနေတဲ့ဘဝသက်တမ်းတလျှောက် ဇနီးသည်အတွက်ကောင်းမှုပြုဖို့ရည်ရွယ်ပြီး လူမှုကူညီရေးအဖွဲ့တစ်ခုမှာ စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်ကူညီဖိုဆုံးဖြတ်ခဲ့ပါတယ်။

 

ကွယ်လွန်သွားသူဇနီးသည်ရဲ့ ရုပ်အလောင်းနဲ့ ဆယ်စုနှစ် ၂ ခုတိုင်အောင် နှစ်ကိုယ်တည်းနေထိုင်ခဲ့တဲ့ မစ္စတာ'ချန်ယန်ဝက်ချာကယ်'အကြောင်းကို ဧပြီ ၃၀ ရက်နေ့မှာဖော်ပြခဲ့ရာ အင်တာနက်သုံးစွဲသူအများအပြားက မစ္စတာ'ချန်'ကို အဆုံးမဲ့အချစ်မေတ္တာရှင်အဖြစ် ခေါ်ဝေါ်နေကြပါတယ်။

 

နာမည်ကြီးရှေ့နေ'နီတီထွန်ကောထို'က တနင်္လာနေ့က မစ္စတာ'ချန်'ဆီသွားပြီး အင်တာဗျူးမေးမြန်းခဲ့ပါတယ်။

 

ရှေ့နေရဲ့ပြန်လည်ပြောကြားချက်အရ အဘိုးအိုဟာ ပညာရေးအလွန်တတ်မြောက်သူဖြစ်ပြီး ဘွဲ့များစွာရရှိခဲ့ပါတယ်။

 

ဒါပေမဲ့ ဇနီးသည်ကွယ်လွန်ခဲ့ပြီးမှာ လျှပ်စစ်မီးတောင်မရှိဘဲနဲ့ သာမန်ဘဝဖြင့်သာ နေထိုင်ခဲ့ပါတယ်။

 

မစ္စတာ'ချန်'ဟာ ဘန်ခန်းခရိုင် ထရန်းခရိုင်ခွဲ ဆွိင်ရာမင်ထရာ(၃)နေရာရှိ ၇၈၀ စတုရန်းမီတာကျယ်ဝန်းတဲ့မြေမှာ စတိုခန်းလေးသဖွယ်ဖြစ်နေတဲ့ ကွန်ကရစ်တစ်ထပ်အိမ်လေးနဲ့ တစ်ဦးတည်းနေထိုင်နေတာဖြစ်ပါတယ်။

 

အိမ်ပြတင်းပေါက်တွေနဲ့ တံခါးတွေဟာ ပြုတ်ထွက်နေပြီး လျှပ်စစ်မီးနဲ့ရေလည်း မရရှိတာကြောင့် အိမ်နီးချင်းအိမ်ကရေကို မျှယူသုံးစွဲနေရပါတယ်။

 

ဧပြီ ၂၉ ရက်နေ့က မစ္စတာ'ချန်'ဟာ ဖီကာဆင်ဘန်ကောက်လူမှုကူညီရေးအသင်းကို သွားရောက်ကာ သူ့ဇနီးရဲ့အလောင်းကို မီးသဂြိုဟ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

 

လူမှုကူညီရေးအသင်းရဲ့ အမျိုးသမီးအမှုဆောင်အရာရှိတစ်ဦးက အဘိုးအိုဟာတစ်ကိုယ်တည်းနေထိုင်တယ်လို့ သိရှိထားတာကြောင့် စဉ်းစားတွေဝေခဲ့ရပါသေးတယ်။

 

အဘိုးအိုမော်တော်ဆိုင်ကယ်မတော်တဆမှုဖြစ်ခဲ့ကာ လူမှုကူညီရေးအသင်းက ကယ်ဆယ်ပြီးနောက် ပြီးခဲ့တဲ့ ၂ လအတွင်း သူမဟာ အဘိုးအိုဆီကိုနေ့စဉ်သွားရောက်ခဲ့ပြီး စားစရာသောက်စရာများ ပေးကမ်းနေခဲ့တာဖြစ်ပါတယ်။

 

အဘိုးအိုက သူ့အိပ်ခန်းငယ်လေးထဲမှာ ဇနီးသည်ရဲ့အလောင်းကို အခေါင်းထဲထည့်ပြီး သိမ်းဆည်းထားတယ်ဆိုတာကို နောက်မှသိရှိခဲ့ကြပါတယ်။

 

ဇနီးသည်အသက်ရှင်နေသလိုမျိုး ရုပ်အလောင်းကိုနေ့စဉ်စကားပြောဆိုနေခဲ့ကြောင်း၊ သူဆုံးပါးသွားတဲ့အခါ ဇနီးရဲ့အလောင်းကို သေသေချာချာစီစဉ်ပေးမယ့်သူ မရှိမှာစိုးတဲ့အတွက် အခုနောက်ဆုံးမီးသဂြိုဟ်ဖိုဆုံးဖြတ်လိုက်တာဖြစ်ကြောင်း ပြောပြသွားပါတယ်။

 

ဖေ့စ်ဘွတ်ခ်ပေါ်မှ တိုက်ရိုက်ထုတ်လွှင့်ပြသရာ ဇနီးသည်ရဲ့အခေါင်းနားမှာ အဘိုးအိုကငိုယိုနှုတ်ဆက်နေတဲ့ပုံရိပ်တွေဟာ အလွန်ကြေကွဲစရာကောင်းတဲ့ ဖြစ်ရပ်ဖြစ်ခဲ့ပါတယ်။

 

"မင်းမှာကိစ္စရှိလို့ ခဏသွားရတာပါ၊ မကြာခင်အိမ်ကိုပြန်လာရမှာပါ၊ သိပ်မကြာပါဘူး၊ ငါကတိပေးပါတယ်" လို့ ငိုယိုပြီးပြောဆိုနေခဲ့ပါတယ်။

 

မစ္စတာ'ချန်'ကသူ့စကားအတိုင်း နောက်နေ့မှာ အရိုးပြာတွေကိုအဝတ်ဖြူဖြင့်ထုတ်ပြီး သူ့အိပ်ခန်းလေးထဲမှာထားဖို့ အိမ်ကိုယူဆောင်သွားပါတယ်။

 

လူမှုအသင်းက ဝန်ထမ်းတွေက အဘိုးအိုရဲ့အိမ်အဟောင်းကိုသွားရောက်ပြီး သန့်ရှင်းရေးလုပ်ဆောင်ပေးခဲ့ကြပါတယ်။

 

မီးသဂြိုဟ်ပြီးနောက်နေ့မှာ အိမ်ဝန်းထဲက ခြုံနွယ်ရေညှိတွေနဲ့ သစ်ရွက်ခြောက်တွေရှင်းလင်းကာ အိမ်ခေါင်မိုးဖာထေးပြုပြင်ပြီး လျှပ်စစ်မီးရရှိအောင်ဆောင်ရွက်ပေးခဲ့ကြပါတယ်။

 

မစ္စတာ'ချန်'က မစ္စတာ'နီတီထွန်'ကိုပြောကြားရာမှာ အရင်တုန်းက ဇနီးသည်ရယ် သားနှစ်ယောက်ရယ်နဲ့အတူတူနေထိုင်ခဲ့ရာ ဇနီးသည်ကွယ်လွန်ပြီးနောက် ရုပ်အလောင်းကိုသိမ်းဆည်းထားရှိဖို့ဆုံးဖြတ်လိုက်ရာ သားနှစ်ယောက်ကလက်မခံနိုင်ဘဲ အိမ်ကနေထွက်ခွာသွားခဲ့ပါတယ်။

 

ဇနီးသည်သေဆုံးမှုကို စာရင်းသွင်းအကြောင်းကြားပြီးဖြစ်တာကြောင့် အဘိုးအိုဟာ ရုပ်အလောင်းဖုံးကွယ်ထိန်းသိမ်းထားမှု အပြစ်မဖြစ်နိုင်ပါဘူး။

 

မစ္စတာ'နီတီထွန်' အဘိုးအိုအိမ်ကိုတနင်္လာနေ့ကသွားရောက်ခဲ့ရာ လူမှုအသင်းကဝန်ထမ်းတွေက ခြံဝန်းကို ရှင်းလင်းပြုပြင်နေဆဲဖြစ်ပါတယ်။

လူမှုကူညီရေးအသင်းက အဘိုးအိုကို မွေ့ရာ၊ စောင်၊ ခေါင်းအုံးအသစ်တွေ ပေးအပ်ခဲ့ပါတယ်။

 

အဘိုးအိုက မစ္စတာ'နီတီထွန်'ကိုပြောပြရာမှာ ဆေးဝါးတက္ကသိုလ်မှဘွဲ့ရပြီးနောက် ထိုင်းတော်ဝင်စစ်တပ်မှာ ဆေးကုသသူဖြစ်ခဲ့ပါတယ်။

သူ့ဇနီးက ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနမှာ အရာရှိတစ်ဦးဖြစ်ခဲ့ပါတယ်။



မစ္စတာ'ချန်'က တိုင်းရင်းဆေးပညာမှာလည်း ဘွဲ့ရရှိခဲ့ပြီး သူ့ခြံဝန်းထဲမှာ ဆေးပင်ပေါင်းများစွာစိုက်ပျိုးခဲ့ပါတယ်။

 

နှစ်ကြိမ်တိုင်တိုင် မြွေကိုက်ခံခဲ့ရပေမယ့် သူ့ရဲ့ဆေးအသိပညာကြောင့် ဆက်ပြီးအသက်ရှင်နေနိုင်ခဲ့တာဖြစ်ပါတယ်။

 

ဒါတင်မကသေးဘဲ ရမ်ခမ်ဟန်အိုးပင်းတက္ကသိုလ်ကနေ ဥပဒေဘွဲ့ရရှိခဲ့ပြီး ၁၉၈၄ ခုနှစ်မှာ ရှေ့နေလိုက်ခွင့်လိုင်စင် ရရှိခဲ့ပါတယ်။

 

Source Straits Times
#Yangon_Media_Group