#WorldHealth
Published 29 April 2022

 

ပုံမှန်အောက် ကိုယ်ခံအားကျဆင်းခြင်းက ကိုဗစ်နောက်ဆက်တွဲလက္ခဏာဖြစ်ပေါ်ရခြင်းရဲ့ အဓိကအကြောင်းအရင်းဖြစ်နိုင်ကြောင်း လော့စ်အိန်ဂျလိစ် ကယ်လီဖိုးနီးယားတက္ကသိုလ်(UCLA)မှ သုတေသီများ တွေ့ရှိခဲ့ကြပါတယ်။

 

သူတို့ရဲ့တွေ့ရှိချက်ကို Clinical Infectious Diseases ဂျာနယ်မှာ ဧပြီ ၂၂ ရက်နေ့က အွန်လိုင်းကနေဖော်ပြခဲ့ပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ်ကို ခန္ဓာကိုယ်ခုခံအားကအလွန်အကျွံတုန့်ပြန်လိုက်တဲ့အခါ ကိုဗစ်ရောဂါဖြစ်ပွားလာပြီး ဗိုင်းရပ်စ်ကူးစက်ခံရသူတွေမှာ အဆုတ်နဲ့အခြားကိုယ်တွင်းအင်္ဂါများထိခိုက်စေပါတယ်။

 

ကိုဗစ်ရောဂါမှ ပြန်လည်သက်သာလာသူတွေမှာ နောက်ဆက်တွဲဝေဒနာတွေခံစားရတတ်ပါတယ်။

 

ကိုယ်ခံအားအလွန်အကျွံတုန့်ပြန်မှုကြောင့် ကိုဗစ်နောက်ဆက်တွဲလက္ခဏာဖြစ်ပွားတယ်လို့ အစပိုင်းမှာ ထင်ခဲ့ကြပါတယ်။

 

ရောင်ရမ်းခြင်းကိုဖြစ်စေတဲ့ ကိုယ်ခံအားလက်ခံဆဲလ် CCR5 ကို ဟန့်တားဖြင်းဖြင့် ကိုယ်ခံအားတုန့်ပြန်မှုကိုလျော့ကျစေပြီး ကိုဗစ်နောက်ဆက်တွဲလက္ခဏာတွေသက်သာစေမယ်လို့ UCLA မှ သုတေသီများက ထုတ်နုတ်ဖော်ပြခဲ့ကြပါတယ်။

 

ဒါပေမယ့် အဲဒီအဆိုနဲ့ ဆန့်ကျင်ဘက်သဘောကို တွေ့ရှိခဲ့ကြကြောင်း အကြီးတန်းသုတေသီပညာရှင် ဒေါက်တာ'အော့တိုယန်း'က ဆိုပါတယ်။

 

"တီဆဲလ်တွေမှာ CCR5 ပမာဏနည်းတဲ့လူနာတွေက နောက်ဆက်တွဲလက္ခဏာခံစားရခြင်းမှ သက်သာလာခဲ့ပါတယ်။ သူတို့ရဲ့ကိုယ်ခံအားတုန့်ပြန်မှုက ပုံမှန်ထက်နှေးပြီး သက်သာလာတဲ့လူနာတွေမှာ တကယ်တမ်းက CCR5 များလာတာဖြစ်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

 

ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်းဖြင့် နောက်ဆက်တွဲလက္ခဏာဖြစ်ပေါ်နိုင်ချေနည်းပါးတာကို စမ်းသပ်လေ့လာမှုအများအပြားမှာတွေ့လာရကြောင်း New York Times မှာဖော်ပြထားပါတယ်။

 

ဇန်နဝါရီလက ဘာအီလန်တက္ကသိုလ်မှအကြံပြုချက်အရ ကိုဗစ်ကာကွယ်ဆေးထိုးခြင်းက ကိုဗစ်ရောဂါမပြင်းထန်အောင်ကာကွယ်နိုင်တဲ့အပြင် နောက်ဆက်တွဲလက္ခဏာတွေကိုပါ ကာကွယ်ပေးနိုင်ဖွယ်ရှိပါတယ်။

 

"ကိုဗစ်ရောဂါကူးစက်ခံရခြင်းမှ သက်သာလာပြီးနောက် နောက်ဆက်တွဲဝေဒနာခံစားနေရတဲ့သူတွေမှာ ကိုယ်ခံအားတုန့်ပြန်မှုနှေးတာကို တွေ့ရှိရပါတယ်။ ဒါကြောင့် ဒီလိုလူနာတွေမှာ ကိုယ်ခံအားမြှင့်တင်ပေးခြင်းဖြင့် ကုသလို့ရမှာဖြစ်ပါတယ်" လို့ ဒေါက်တာ'ယန်း'က ဆက်လက်ပြောကြားပါတယ်။

 

ဆေးသုတေသနလုပ်ငန်းများက အရှိန်မရသေးဘဲရှိနေကာ ကိုဗစ်နောက်ဆက်တွဲလက္ခဏာများအကြောင်းကို သုတေသီများကတိတိကျကျမထုတ်ဖော်နိုင်သေးပါဘူး။

 

Source: The Jerusalem Post
#Yangon_Media_Group