Published: 25 April 2022

ရေအားနှင့် ရေပေါ် နေရောင်ခြည်စွမ်းအင်နှစ်မျိုးစပ် ကမ္ဘာ့အကြီးဆုံးထဲက တစ်ခုဖြစ်တဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံတစ်ရုံကို ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ယူဘွန်ရက်ချန်သနီမှာ စတင်လည်ပတ်နေပြီ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံက ၂၀၃၇ အရောက်မှာ နိုင်ငံရဲ့ လျှပ်စစ်ဓာတ်အားရဲ့ ၃၅ ရာခိုင်နှုန်းကို ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် တွေဖြစ်လာဖို့ ရည်မှန်းထားပါတယ်။

ဒီစီမံကိန်းဟာ ဘန်ကောက်ရဲ့ ကာဘွန်ထုတ်လုပ်မှုလျှော့ချရေး စီမံကိန်းအတွက် အဓိက ခြေလှမ်းအဖြစ် မှတ်ယူရမှာ ဖြစ်ပါတယ်။

ဒီစီံမံကိန်းမှာ အသစ်တည်ဆောက်တဲ့ ရေပေါ်နေရောင်ခြည်စွမ်းအင်ကွင်းတွေနှင့် လက်ရှိရေအားလျှပ်စစ်စက်ရုံကို ပေါင်းစပ် ထားတာပါ။ အဲဒီပြည်နယ်ရဲ့ သီရိဒွန်ဆည်မှာ ဟက်တာ၁၂၀ရှိတဲ့ရေပြင်ပေါ်မှာ ဆိုလာပြားပေါင်း တစ်သောင်း လေးထောင့် လေးရာကျော်တပ်ဆင်ပေးထားပါတယ်။

အဲဒီဆိုလာပြားတွေကို ထိုင်းနိုင်ငံရဲ့ ဘီ ဂရင်း ပါဝါ အများပိုင်ကုမ္ပဏီနှင့် တရုတ်စွမ်းအင် အင်ဂျင်နီယာကော်ပိုရေးရှင်းတို့က ပူးတွဲတည်ဆောက်ပေးခဲ့တာပါ။ အဲဒီနေရောင်ခြည်စွမ်းအင်သုံးစက်ရုံတွေကနေ အမျိုးသား Grid လိုင်းထဲ ၄၅ မဂ္ဂါဝင် ထည့်သွင်းပေးနိုင်ပါလိမ့်မယ်။

တစ်ပြိုင်နက်မှာပဲ အလားတူ စီမံကိန်း ၁၅ခုကို ထိုင်းနိုင်ငံရဲ့ ရေလှောင်ကန်ကြီး(၉)ခုမှာ တည်ဆောက်တော့မှာဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ ကာဘွန်ထုတ်လုပ်မှုသုညအဆင့်ရည်မှန်းချက်အတွက် ပိုပြီးနီးစပ်လာနေပါတယ်။

“ ကျွန်တော်တို့ရဲ့ စွမ်းအင်လုံခြုံရေးတိုးမြှင့်ဖို့  ကြီးမားတဲ့ ခြေလှမ်းတစ်ခု လှမ်းလိုက်နိုင်တာကို ဂုဏ်ယူမိပါတယ်။ အနာဂတ်မှာနောင် အနှစ်၂၀မှ ၃၀အတွင်း  ကျွန်တော်တို့ရဲ့ နေရောင်ခြည်စွမ်းအင်စီမံကိန်းတွေကနေ ၅၀၀၀ မဂ္ဂါဝပ်အထိ လျှပ်စစ်ဓာတ်အားတွေ ထုတ်လုပ်နိုင်ပါလိမ့်မယ်။ အဲဒါဆို ရုပ်ကြွင်းလောင်စာအပေါ် ကျွန်တော်တို့မှီခိုနေရတာကို လျှော့ချပေးနိုင်ပါလိမ့်မယ်” လို့ ဆည်ရဲ့လျှပ်စစ်ဓာတ်အားစက်ရုံအကြီးအကဲ ဆန်ဝန်ပရုမ်ဆမ်လီက ပြောပါတယ်။

ထိုင်းနိုင်ငံတလျောက် စွမ်းအင်ကွန်ယက်ဟာ ရုပ်ကြွင်းလောင်စာတွေအပေါ် အလွန်အမင်းမှီခိုနေရတဲ့အတွက်  ကာဘွန် ထုတ်လုပ်မှုလျှော့ချဖို့က ခရီးရှည်ကြီးဖြစ်နေပါတယ်။ ယခုထိုင်းရဲ့လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုစုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းဟာ ရုပ်ကြွင်းလောင်စာတွေနှင့် ထုတ်လုပ်နေရတာပါ။ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကနေ ထုတ်လုပ်တာ ၁၇ ရာခိုင်နှုန်းပဲရှိပါတယ်။ဒါပေမယ့် ဒီလိုစီမံကိန်းတွေကတော့ ကောင်းတဲ့အလားအလာတွေဖြစ်ပါတယ်။

ကိုဗစ်ကြောင့် ဒုက္ခရောက်ကြရတယ်။ ဝင်ငွေတွေကျသွားပြီး ငွေကြေးအကူအညီရဖို့လည်း အတော်ခက်သွားတယ်။ တစ်ရွာလုံးက ဒီဆည်စီမံကိန်းကို ကျေးဇူးတင်ကြပါတယ်။ လူတွေရဲ့ ဘဝတွေသိသိသာသာပြောင်းသွားတာ တွေ့ရတယ်။ ပြည်နယ်မှာ စီးပွာရေးလည်းတိုးတက်လာပါတယ် လို့ ရွာသားတစ်ဦးဖြစ်တဲ့ အိုလန်အင်တီယမ်ကပြောပါတယ်။

Source: CMG