#WorldPolitics
Published 25 April 2022

 

အမေရိကန်ပြည်ထောင်စုမှ ထိပ်သီးသံတမန်ပုဂ္ဂိုလ်နဲ့ ကာကွယ်ရေးထိပ်သီးအရာရှိတို့ဟာ တနင်္ဂနွေနေ့က ယူကရိန်းနိုင်ငံမြို့တော်ကိဗ်သို့ ရောက်ရှိလာခဲ့ကြောင်း ယူကရိန်းအရာရှိတစ်ဦးက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

 

ဒီမတိုင်ခင်မှာ အခြားသောကမ္ဘာ့ခေါင်းဆောင်တွေကလည်း တိုက်ပွဲဖြစ်ပွားရာမြို့တော်ကို လာရောက်ခဲ့ကြပြီး ယူကရိန်းကို ထောက်ခံအားပေးကြောင်း ပြသခဲ့ကြပါတယ်။

 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး 'အန်တိုနီဘလင်ကန်' နဲ့ ကာကွယ်ရေးဝန်ကြီး'လွိက်ဂျေအော်စတင်(၃)'တို့ဟာ ယူကရိန်းသမ္မတ'ဗိုလိုဒီမီယာဇယ်လန်စကီ'နဲ့ တွေ့ဆုံခဲ့ကြပြီး ဖေဖော်ဝါရီ ၂၄ ရက်နေ့ရုရှားတို့ စတင်ကျူးကျော်ပြီးနောက်ပိုင်း ယူကရိန်းကိုလာရောက်ခဲ့တဲ့ ပထမဆုံး အမေရိကန်ထိပ်သီးအရာရှိများ ဖြစ်လာကြပါတယ်။

 

အဆိုပါတွေ့ဆုံမှုကို ယူကရိန်းသမ္မတအကြံပေးအတိုင်ပင်ခံ'အိုလက်ဆေအာစတိုဗစ်ချ်'က ရုရှားရှေ့နေတစ်ဦးနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးတိုနဲ့ ယူကျုပေါ်ကနေအင်တာဗျူးပြုလုပ်ရာမှာ အတည်ပြုပြောကြားခဲ့တာဖြစ်ပါတယ်။
"အမေရိကန်ထိပ်သီးအရာရှိတွေ အခုယူကရိန်းကိုရောက်ရှိနေပြီး သမ္မတနဲ့ပြောဆိုနေကြပါတယ်။ သူတိုဘယ်လိုအကူအညီပေးနိုင်တာလဲဆိုတာနဲ့ ပတ်သက်ပြီး တစ်ခုခုဆုံးဖြတ်ချက်ချသွားဖွယ်ရှိပါတယ်" လို့ မစ္စတာ'အာစတိုဗစ်ချ်'က ပြောကြားခဲ့ပါတယ်။

 

အမေရိကန်အစိုးရဟာ ယူကရိန်းကို စစ်လက်နက်အကူအညီတွေထောက်ပံ့ပေးနေခဲ့ပြီး ရုရှားကိုလည်း နိုင်ငံတကာမှဒဏ်ခတ်ပိတ်ဆို့မှုတွေပြုလုပ်ဖို့ ဦးဆောင်လှုံ့ဆော်ခဲ့ကြပါတယ်။

 

ဒါပေမယ့် ဗြိတိန်ဝန်ကြီးချုပ်'ဘိုရစ်ဂျွန်ဆန်'၊ စပိန်နဲ့ ဒိန်းမတ်နိုင်ငံတို့မှ ဝန်ကြီးချုပ်များအပါအဝင် ဥရောပမှအရာရှိများစွာက ယူကရိန်းသို့လာရောက်ခဲ့ကြပြီးနောက် အမေရိကန်ထိပ်သီးအရာရှိတစ်ဦးဦးကို မြို့တော်ကိဗ်သို့စေလွှတ်ပေးဖို့ ဖိအားပေးလာကြပါတယ်။

 

လာရောက်ဆွေးနွေးမယ့်အကြောင်းကို အမေရိကန်ဘက်မှမကြေညာခဲ့ဘဲ မစ္စတာ'ဇယ်လန်စကီ'ကတော့ ဆွေးနွေးပွဲမှာ လိုအပ်တဲ့စစ်ရေးအကူအညီများအကြောင်း ထည့်သွင်းဆွေးနွေးသွားမယ်လို့ စနေနေ့ကမိန့်ခွန်းပြောကြားခဲ့ပါတယ်။

 

ပန်တဂွန်နဲ့ အမေရိကန်နိုင်ငံခြားရေးဌာနတို့ကတော့ မှတ်ချက်ပြုပြောကြားခြင်းမရှိခဲ့ပါဘူး။

 

မစ္စတာ'ဘလင်ကန်'ဟာ ဇန်နဝါရီလလယ်လောက်က ယူကရိန်းသို့လာရောက်ခဲ့ဖူးပြီး နောက်ဆုံးရောက်ရှိခဲ့တဲ့ ရာထူးမြင့်အမေရိကန်ထိပ်သီးအရာရှိဖြစ်ပါတယ်။

 

ဖေဖော်ဝါရီ ၁၄ ရက်နေ့က ကိဗ်မြို့တော်ရှိ အမေရိကန်သံရုံးပိတ်သိမ်းခဲ့ပြီး သံတမန်တွေလည်း နိုင်ငံကနေထွက်ခွာသွားခဲ့ကြပါတယ်။

 

နောက် ၁၀ ရက်အကြာမှာတော့ ရုရှားတို့စတင်ကျူးကျော်ခဲ့ကြကာ မြို့တော်ကိုသိမ်းပိုက်ဖို့ကြိုးစားခဲ့ကြပြီး ဒုံးကျည်တွေဗုံးတွေဖြင့် တိုက်ခိုက်ခဲ့ပါတယ်။

 

ယူကရိန်းတပ်ဖွဲ့တွေနဲ့ ရုရှားတပ်ဖွဲ့တွေတိုက်ခိုက်ခဲ့ကြပြီး ရက်သတ္တပတ်အနည်းငယ်အကြာမှာတော့ ကိဗ်မြို့တော်နားတဝိုက်ကနေ ရုရှားတပ်များဆုတ်ခွာသွားခဲ့ရာ အနောက်နိုင်ငံများမှခေါင်းဆောင်များက ဒီအခွင့်အရေးကိုအသုံးချပြီး မစ္စတာ'ဇယ်လန်စကီ'နဲ့အတူရပ်တည်ကြောင်းဖော်ပြဖို့ လာရောက်ခဲ့ကြပါတယ်။

 

မတ်လအတွင်း ပိုလန်၊ ချက်ပြည်သူ့သမ္မတနိုင်ငံ၊ ဆလိုဗေးနီးယားနိုင်ငံတို့မှ ဝန်ကြီးချုပ်များ ကိဗ်မြို့တော်သို့ လျှို့ဝှက်စွာလာရောက်ခဲ့ကြပါတယ်။

 

အဲဒီနောက် ဗြိတိန်၊ လစ်သူရေးနီးယား၊ လတ်ဗီးယား၊ ဆလိုဗက်ကီးယား၊ အက်စ်တိုနီးယား၊ စပိန်၊ ဒိန်းမတ်တို့မှ ခေါင်းဆောင်များနဲ့ ဥရောပကော်မရှင်ဥက္ကဌတို့လည်း ကိဗ်မြို့တော်နဲ့ ဘာခါမြို့များသို့ လာရောက်ခဲ့ကြပါတယ်။

 

အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒန်'က မတ်လ ၂၅ ရက်နေ့က ယူကရိန်းနဲ့ ပိုလန်နယ်စပ်အနီးရှိ မြို့တစ်မြို့သို့ လာရောက်ခဲ့ပေမယ့် ယူကရိန်းနိုင်ငံထဲကိုတော့ မဝင်ရောက်ခဲ့ပါဘူး။

 

နောက်တစ်နေ့မှာ ပိုလန်နိုင်ငံမြို့တော်ဝါဆောမှာ မိန့်ခွန်းပြောကြားခဲ့ပြီး စစ်ဘေးခိုလှုံသူများကို အားပေးစကားပြောကြားခဲ့ပါတယ်။

 

အမေရိကန်အထက်ပိုင်းအရာရှိတွေက အီရတ်၊ အာဖဂန်တို့လို စစ်ဖြစ်ပွားရာနေရာတွေကို သွားရောက်ခဲ့တုန်းကလည်း မရောက်ရှိခင်အထိ ကြေညာခြင်းမရှိသလို တစ်ခါတလေဆိုရင် သူတို့ မပြန်မချင်းကြေညာတာမျိုး မပြုလုပ်ခဲ့ကြပါဘူး။

 

နိုင်ငံ့ခေါင်းဆောင်တွေ လာရောက်ဖို့အတွက် လုံခြုံရေးကိစ္စရပ်များအပြင် လေကြောင်းလမ်းခရီးစိတ်ချရဖို့ ခက်ခက်ခဲခဲစီစဉ်ရလေ့ရှိပါတယ်။

 

ဧပြီလအစောပိုင်းမှာ ဗြိတိန်ဝန်ကြီးချုပ်လာရောက်စဉ်ကလည်း ရထားအပါအဝင် ခရီးလမ်းမျိုးစုံနဲ့သွားလာခဲ့ရပါတယ်။

 

အိမ်ဖြူတော်က သမ္မတ'ဘိုင်ဒန်'ကိုတော့ စေလွှတ်ဖို့ငြင်းဆန်ခဲ့ပြီး အစိုရးအကြီးတန်းအရာရှိတွေကိုပဲ လုံခြုံရေးအနည်းငယ်ဖြင့် စေလွှတ်ခဲ့တာဖြစ်ပါတယ်။

 

ထိပ်သီးအရာရှိများ မသွားခင်ရက်ပိုင်းက အရှေ့ဘက်ဒေသတွေမှာ ရုရှားထိုးစစ်ဆင်မှုတွေကို ကာကွယ်နိုင်ဖို့ ဒေါ်လာသန်း ၈၀၀ တန် စစ်ရေးလက်နက်အကူအညီများကိုလည်း အမေရိကန်တို့က ယူကရိန်းထံထောက်ပံ့ပေးဖို့ ကြာသပတေးနေ့က အမေရိကန်ကကြေညာခဲ့ပါတယ်။

 

Source: NY Times
#Yangon_Media_Group