#WorldPolitics
Published 05 April 2022

 

ယူကရိန်းနိုင်ငံဘူချာမြို့မှာ အရပ်သားပြည်သူတွေအသတ်ခံထားရတဲ့ပုံတွေ ထွက်ပေါ်လာပြီးတဲ့နောက် ရုရှားသမ္မတ'ဗလာဒီမီယာပူတင်'ကို စစ်ရာဇဝတ်ကောင်ဟုစွပ်စွဲလိုက်ပြီး တရားရုံးမှာအမှုရင်ဆိုင်ဖို့ အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒန်'က သတိပေးလိုက်ပါတယ်။

ယူကရိန်းတပ်ဖွဲ့များက မြို့တော်ကိဗ်ကို ရုရှားတပ်ဖွဲ့များထံမှ ပြန်လည်သိမ်းယူခဲ့ပြီးနောက် မြို့အပြင်ဘက်ရှိဘူချာမြို့မှာ ကြိုးတုပ်ခံထားရပြီး အနီးကပ်ပစ်သတ်ခြင်းခံထားရတဲ့အရပ်သားပြည်သူများအား အစုလိုက်အပြုံလိုက်မြှုပ်နှံထားတာကို တွေ့ရှိခဲ့ကြပါတယ်။

 

ဒီလိုလုပ်ရပ်တွေကြောင့် အမေရိကန်နဲ့ဥရောပတို့က ရုရှားကိုနောက်ထပ်ဒဏ်ခတ်ပိတ်ဆို့ခြင်းတွေ ချမှတ်လာဖွယ်ရှိနေပါတယ်။

 

'ဘိုင်ဒန်'က ဒယ်လာဝဲပြည်နယ်ကနေ ဝါရှင်တန်သို့ ရဟတ်ယာဉ်ဖြင့်ပြန်လည်ရောက်ရှိလာခဲ့ပြီး သတင်းထောက်တွေကိုပြောကြားရာမှာ "ဘူချာမြို့ကအလောင်းတွေက တွေ့တဲ့အတိုင်းပါပဲ။ 'ပူတင်'က စစ်ရာဇဝတ်ကောင်ဆိုတာ ထင်ရှားနေပါတယ်။ ကျုပ်တိုသတင်းအချက်အလက်တွေစုဆောင်းရမယ်။ ယူကရိန်းတပ်ဖွဲ့တွေတိုက်ခိုက်တဲ့နေရာမှာ လိုအပ်မယ့်လက်နက်တွေကို ဆက်လက်ထောက်ပံ့သွားမှာပါ။ ရသမျှအချက်အလက်အကုန်လုံးစုစည်းပြီး စစ်ရာဇဝတ်မှုကျူးလွန်သူကိုတရားရုံးကို ပို့ဆောင်သွားရပါမယ်" လို့ ပြောသွားပါတယ်။

 

ရုရှားတိုဘက်ကတော့ ဘူချာမြို့အပါအဝင် အရပ်သားပြည်သူတွေကိုသတ်ဖြတ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုငြင်းဆန်လိုက်ကာ အလောင်းအစုလိုက်အပြုံလိုက်တွေ့ရှိခြင်းက ရုရှားဂုဏ်သိက္ခာကျဆင်းအောင် ယူကရိန်းတို့ဇာတ်လမ်းဆင်ခဲ့တာဖြစ်ကြောင်း တုန့်ပြန်လိုက်ပါတယ်။

စစ်ရာဇဝတ်မှုကိုတရားရုံးလျှောက်တင်ဖို့အတွက် လိုအပ်တဲ့အထောက်အထားတွေကို အမေရိကန်နဲ့မဟာမိတ်နိုင်ငံများ၊ စစ်မြေပြင်ရှိ ယူကရိန်းစောင့်ကြည့်ရေးအဖွဲ့များ၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ၊ နိုင်ငံတကာမှ ဘက်မလိုက်သောမီဒီယာအင်တာဗျူးများကနေ အချက်အလက်များရယူစုဆောင်းသွားမှာဖြစ်ကြောင်း အမေရိကန်နိုင်ငံတော်လုံခြုံရေးအကြံပေးအရာရှိ'ဂျိတ်ခ်ဆာလီဗန်'က သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။

အမေရိကန်တို့က ဒီအမှုကို နိုင်ငံတကာတရားရုံး(ICC) သို့မဟုတ် အခြားတရားရုံးတစ်ခုခုမှာ တင်ပြသွားဖို့ရှိနေပါတယ်။

 

ရုရှားက ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အမြဲတမ်းအဖွဲ့ဝင်ဖြစ်နေတာကြောင့် ကုလကိုလျှောက်တင်သွားမှာတော့ မဟုတ်ပါဘူး။

 

တနင်္လာနေ့က ဂျာနယ်လစ်များ မြို့ထဲသို့လာပြီး ပျက်စီးဆုံးရှုံးမှုတွေကို စာရင်းပြုစုခဲ့ကာ ယူကရိန်းသမ္မတ'ဗိုလိုဒီမီယာဇယ်လန်စကီ'က ဘူချာမြို့က အစုလိုက်အပြုံလိုက်အသတ်ခံရခြင်းဟာ လူမျိုးတုံးသတ်ဖြတ်ခြင်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

 

လူမျိုးတုံးသတ်ဖြတ်တဲ့အဆင့်ရောက်နေပြီလားဆိုတာကို အမေရိကန်တို့က အထောက်အထားများဖြင့် ကြည့်ရှုစစ်ဆေးသွားရဦးမှာဖြစ်ပါတယ်။

 

ယူကရိန်းကို ရုရှားတို့ကျူးကျော်ကတည်းက 'ဘိုင်ဒန်'က 'ပူတင်'ကိုစစ်ရာဇဝတ်ကောင်လို သမုတ်ခဲ့ပြီး အမေရိကန်-ရုရှားဆက်ဆံရေးဟာလည်း ထိခိုက်ပျက်စီးခဲ့ရပါတယ်။

 

"စစ်ရာဇဝတ်မှုတွေဖန်တီးခဲ့တဲ့ 'ပူတင်'နဲ့အပေါင်းအပါတွေကို တာဝန်ယူဖြေရှင်းခိုင်းဖို့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ပြတ်ပြတ်သားသားဆောင်ရွက်ရမှာဖြစ်ပါတယ်" လို့ နိုင်ငံခြားဆက်ဆံရေးအထက်လွှတ်တော်ကော်မတီမှ ရီပတ်ဘလစ်ကန်ဘက်တော်သား'ဂျင်မ်ရစ်ချ်'က ဖော်ပြခဲ့ပါတယ်။

 

ကော်မတီဥက္ကဌဖြစ်သူ ဒီမိုကရက်တစ်ဘက်တော်သား'ဘော့ဘ်မီနန်ဒက်ဇ်'ကလည်း "အရပ်သားပြည်သူတွေအပေါ် ကြမ်းတမ်းရက်စက်ခဲ့တဲ့လုပ်ရပ်တဲ့အတွက် 'ပူတင်'မှာတာဝန်ရှိပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

 

ရုရှားကို ကုလလူ့အခွင့်အရေးကောင်စီကနေ ဆိုင်းငံ့ထားဖို့ကြိုးစားလျက်ရှိကြောင်း 'ဘိုင်ဒန်'ရဲ့ကုလကိုယ်စားလှယ်က ကြေညာခဲ့ပါတယ်။

 

Source: Reuters
#Yangon_Media_Group