#WorldHealth
Published 08 March 2022

 

Rhesus macaques မျောက်မျိုးစိတ်တွေကို သုတေသနပြုလုပ်ခဲ့ရာမှာ ကိုရိုနာဗိုင်းရပ်စ်က မျောက်ထီးတွေရဲ့လိင်အင်္ဂါလမ်းကြောင်းတွေထဲက တစ်ရှူးတွေကို ကူးစက်ဝင်ရောက်နိုင်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။

 

ကိုဗစ်လူနာအချို့မှာလည်း လိင်တံမထောင်မတ်နိုင်ခြင်းလက္ခဏာမျိုး ကြုံတွေ့ရကြောင်း အကြောင်းကြားထားကြပါတယ်။
ဒီလက္ခဏာတွေဟာ ရောဂါကူးစက်မှုနဲ့တွဲပါလာတဲ့ ရောင်ရမ်းခြင်း ဖျားနာခြင်းတို့ကြောင့်မဟုတ်ဘဲ ဗိုင်းရပ်စ်တိုက်ရိုက်ကူးစက်ဝင်ရောက်ခြင်းကြောင့်ဖြစ်နိုင်ကြောင်း ယူဆနေကြပါတယ်။

 

ရောဂါပိုးကူးစက်ဝင်ရောက်ထားတဲ့ နေရာတွေကိုရှာဖွေဖို့ တစ်ကိုယ်လုံးကို စကန်ဖတ်ကာ စမ်းသပ်စစ်ဆေးခဲ့ပါတယ်။
Rhesus macaques မျောက်ထီးသုံးကောင်ကို သုတေသနပြုလုပ်ရာမှာ ကိုရိုနာဗိုင်းရပ်စ်က ဆီးကျိတ်၊ လိင်တံ၊ ဝှေးစေ့နဲ့ အနီးနားရှိသွေးကြောတွေကို ကူးစက်ထားကြောင်း တွေ့ရှိရပါတယ်။

 

သိပ္ပံပညာရှင်တွေဟာ အဆုတ်လိုအင်္ဂါတွေမှာ ကိုရိုနာဗိုင်းရပ်စ်ကိုတွေ့ရှိမယ်လို့ ထင်မှတ်ထားကြပေမယ့် အခုလိုအထီးအင်္ဂါမှာပါတွေ့ရှိရတာကြောင့် အံ့အားသင့်ခဲ့ကြရကြောင်း ချီကာဂို ဖိုင်ဘာ့ဂ်ဆေးဘက်ဆိုင်ရာတက္ကသိုလ်မှ ပရော်ဖက်ဆာ'သောမတ်စ်ဟုပ်'က ပြောကြားခဲ့ပါတယ်။

 

မျောက်သုံးကောင်ကိုသာ အခြေခံပြီးစမ်းသပ်ထားတာဖြစ်ပေမယ့် တွေ့ရှိချက်က မှန်ကန်စိတ်ချရတယ်လို့ ဒေါက်တာ'ဟုပ်'ကဆိုပါတယ်။

 

ဒီတွေ့ရှိချက်ကို သတင်းဂျာနယ်တွေမှာဖော်ပြဖို့ ပညာရှင်တွေအချင်းချင်း အသိအမှတ်မပြုရသေးပေမယ့် bioRxiv ဝက်ဘ်ဆိုက်မှာ တနင်္လာနေ့က ဖော်ပြခဲ့ပါတယ်။

 

ဒီလေ့လာမှုကို လူဝီစီယာနာရှိ ကျူလိန်းအမျိုးသားပရိုင်းမိတ်သုတေသနစင်တာမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

 

မျောက်တွေမှာ အထီးအင်္ဂါလမ်းကြောင်း ဗိုင်းရပ်စ်ကူးစက်ခံရခြင်းကြောင့် တက်စ်တိုစတီရုန်းဟော်မုန်းပမာဏနည်းပါးခြင်း၊ သုတ်ပိုးအကောင်ရေနည်းပါးခြင်း၊ လိင်အင်္ဂါနာကျင်ခြင်းတို့ ဖြစ်ပေါ်နိုင်သလားဆိုတာကိုတော့ မသိရှိရသေးပါဘူး။

 

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့ အမျိုးသား ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းတိုဟာ လိင်အင်္ဂါလမ်းကြောင်းလက္ခဏာတွေနဲ့ ဆက်စပ်နေတယ်လို့ တွေ့ရှိထားပါတယ်။

 

ဗိုင်းရပ်စ်ကူးစက်တဲ့ယောက်ျားတွေဟာ အခြားသူတွေထက် လိင်တံမထောင်မတ်နိုင်ခြင်းပြဿနာဖြစ်ပေါ်ဖို့ ၃ ဆကနေ ၆ ဆလောက်အထိရှိ‌ပြီး ဒါဟာ ကိုဗစ်နောက်ဆက်တွဲလက္ခဏာတစ်ရပ်ဖြစ်လာနိုင်တယ်လို့ ယူဆနေကြပါတယ်။

 

အဆိုပါအမျိုးသားလူနာတွေမှာ လိင်အင်္ဂါနာကျင်ခြင်း၊ သုတ်ပိုးအကောင်ရေနည်းပါးခြင်း၊ သုတ်ပိုးအရည်အသွေးကျဆင်းခြင်း၊ မျိုးအောင်နိုင်စွမ်းကျဆင်းခြင်း၊ ကျားဟော်မုန်းနည်းပါးကာ လိင်စိတ်ဆန္ဒနည်းပါးခြင်းတို့ ကြုံတွေ့နေရတယ်လို့ အကြောင်းကြားလာကြပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြီး ဒီလိုလက္ခဏာကြုံတွေ့ရနိုင်ချေဟာ နည်းပါးတယ်ဆိုပေမယ့် ကပ်ရောဂါကြီးဖြစ်ပွားတဲ့အတိုင်းအတာနဲ့ယှဉ်ကြည့်ပါက သန်းပေါင်းများစွာသောအမျိုးသားတွေမှာ လိင်ကျန်းမာရေးပြဿနာများခံစားရနိုင်ကြောင်း ဒေါက်တာ'ဟုပ်'က ရှင်းပြထားပါတယ်။

 

အမျိုးသားတွေအနေနဲ့ ကိုဗစ်ကာကွယ်ဆေးထိုးဖို့ တိုက်တွန်းမှာကြားလိုက်ပြီး လိင်အင်္ဂါကျန်းမာရေးပြဿနာတစ်ခုခုခံစားရပါက ဆေးကုသမှုခံယူသင့်ကြောင်း တိုက်တွန်းထားပါတယ်။

 

အမျိုးသမီးမျိုးပွားအင်္ဂါစနစ်ကိုလည်း ဗိုင်းရပ်စ်ကကူးစက်နိုင်သလားဆိုတာကို ဆက်လက်လေ့လာသွားဦးမှာဖြစ်ပါတယ်။
တွေ့ရှိချက်တွေကိုအသုံးချပြီး မျိုးပွားနိုင်စွမ်းထိခိုက်လာနိုင်တဲ့အန္တရာယ်ကို ကုသသွားဖို့မျှော်လင့်နေကြပါတယ်။

 

Source: The New York Times.
#Yangon_Media_Group