#WorldPolitics
Published 05 March 2022

 

ရည်ရွယ်ချက်ရှိရှိဖြင့် သတင်းမှားထုတ်ပြန်ဖော်ပြခြင်းအတွက် ထောင်ဒဏ် ၁၅ နှစ်အထိ အပြစ်ပေးလို့ရတဲ့ဥပဒေတစ်ခုကို ရုရှားသမ္မတ'ဗလာဒီမီယာပူတင်'က သတ်မှတ်ပြဌာန်းလိုက်ပြီးနောက် ရုရှားနိုင်ငံမှာရှိတဲ့ BBC, CNN, Bloomberg သတင်းဌာနတွေဟာ လုပ်ငန်းလုပ်ဆောင်မှုရပ်ဆိုင်းလိုက်ပြီဖြစ်ပါတယ်။

 

အဆိုပါသတင်းမှားတိုက်ဖျက်ရေးဥပဒေအသစ်ကို သောကြာနေ့က အတည်ပြုထုတ်ပြန်ပြီးတဲ့နောက် CNN က ရုရှားနိုင်ငံအတွင်းရှိ သူတို့ရဲ့ရုပ်သံထုတ်လွှင့်မှုတွေကို ရပ်တန့်ထားမှာဖြစ်ပြီး နောက်ထပ်ဆောင်ရွက်ရမယ့်ကိစ္စတွေနဲ့ အခြေအနေတွေကို အကဲဖြတ်သုံးသပ်သွားမှာဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။

 

အမေရိကန်ဘီလျံနာ'မိုက်ကယ်ဘလွန်းဘာ့ဂ်'တည်ထောင်ထားတဲ့ Bloomberg သတင်းဌာနကလည်း ရုရှားနိုင်ငံမှာရှိတဲ့ ဂျာနယ်လစ်တွေကို ယာယီအလုပ်ရပ်နားထားခိုင်းပြီး ရုရှားနိုင်ငံဟာ သတင်းမီဒီယာလွတ်လပ်ခွင့်ကို ချိုးဖောက်နေတယ်လို့ စွပ်စွဲလိုက်ပါတယ်။

 

သတင်းမှားထုတ်ပြန်ခြင်းကို နှိမ်နင်းအရေးယူနေခြင်းက နိုင်ငံတွင်းရှိ ပုံမှန်သတင်းမှန်ဖော်ပြရေးလုပ်ငန်းစဉ်တွေ ဆက်လက်ဆောင်ရွက်လို့မရတော့ကြောင်း ပြောဆိုလိုက်ပါတယ်။

 

ဒါ့အပြင် ယူကေအခြေစိုက် BBC သတင်းဌာနကလည်း အဆိုပါဥပဒေဟာ သတင်းမီဒီယာလွတ်လပ်ခွင့်ကို အရေးယူဖို့ထုတ်ပြန်လိုက်တာဖြစ်ကြောင်း၊ ရုရှားဘာသာစကားဖြင့် ဖော်ပြထားတဲ့သတင်းတွေကိုလည်း ရုရှားနိုင်ငံပြင်ပကသာ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။

 

သတင်းမီဒီယာဥပဒေအသစ်အရ ရုရှား-ယူကရိန်းစစ်ရေးပဋိပက္ခနဲ့ပတ်သက်ပြီး ရုရှားနိုင်ငံတော်လုံခြုံရေးကိုထိပါးစေတဲ့ သတင်းမှားတွေကို တမင်တကာထုတ်ပြန်ဖော်ပြနေသည်ဟုတွေ့ရှိပါက ထောင်ဒဏ် ၁၅ နှစ်ချမှတ်သွားမှာဖြစ်ပါတယ်။

 

ရုရှားစစ်တပ်ကို ဂုဏ်သိက္ခာကျဆင်းအောင် ပြုလုပ်သည်ဟုတွေ့ရှိပါက ဒေါ်လာ ၁၃,၅၀၀ ဒဏ်ကြေး သို့မဟုတ် ထောင်ဒဏ် ၃ နှစ်ချမှတ်မှာဖြစ်ပြီး ရုရှားဆန့်ကျင်ရေးဒဏ်ခတ်ပိတ်ဆို့မှုများပြုလုပ်ဖို့ တောင်းဆိုပါက ဒေါ်လာ ၅,၀၀၀ ဒဏ်ကြေးရိုက်သွားမှာဖြစ်ပါတယ်။

 

ရုရှားဖက်ဒရယ်အောက်လွှတ်တော်ဥက္ကဌ 'ဗျာချက်စ်လက်ဗ်ဗိုလိုဒင်'က ဒီလိုဥပဒေထုတ်ပြန်ရခြင်းဟာ ရုရှားတပ်ဖွဲ့တွေနဲ့ အမှန်တရားကိုကာကွယ်ဖို့ဖြစ်ကြောင်း၊ ဝါရှင်တန်ကချုပ်ကိုင်ထားတဲ့ အမေရိကန်သတင်းဌာနတွေက ရုရှားတို့နဲ့စစ်ပွဲစတင်ဖို့ သတင်းတွေထုတ်ပြန်နေကြောင်း၊ သတင်းမှားထုတ်ပြန်မှုကိုတားဆီးနိုင်ရန်အတွက် ဥပဒေထုတ်ပြန်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း တုန့်ပြန်ပြောကြားလိုက်ပါတယ်။

 

ယူကရိန်းကို အထူးစစ်ဆင်ရေးဖြင့်တိုက်ခိုက်ရတဲ့ရည်ရွယ်ချက်က ရုရှားအသိအမှတ်ပြုဒွန်ဘက်စ်ဒေသနှစ်ခုမှ ပြည်သူတွေကိုကာကွယ်နိုင်ရန်အကြောင်းပြချက်ဖြင့် ယူကရိန်းနိုင်ငံအတွင်း စစ်ရေးအချက်အခြာနေရာများနဲ့ နာဇီဝါဒလွှမ်းမိုးမှုတွေကို ချေမှုန်းဖို့ဖြစ်ပါတယ်။

 

ယူကရိန်းဘက်က တုန့်ပြန်ဖြေကြားရာမှာ ဒိုနက်စ်နဲ့လူဟန့်စ်ဒေသတို့ကို အင်အားသုံးပြန်လည်သိမ်းပိုက်ဖို့ အစီအစဉ်မရှိသလို ရုရှားတို့ကျူးကျော်တိုက်ခိုက်လာတာကလည်း အကြောင်းမဲ့တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဆိုပါတယ်။

 

၂၀၁၃ ခုနှစ် ယူကရိန်းတော်လှန်ရေးကာလမှာ အစိုးရအားဖြုတ်ချပစ်ခဲ့ပြီး ၂၀၁၄ ခုနှစ်မှာတော့ အဆိုပါဒေသနှစ်ခုဟာ ယူကရိန်းကနေခွဲထွက်သွားကာ အဲဒီအချိန်ကတည်းက နှစ်ရှည်လများတိုက်ခိုက်မှုတွေ ဖြစ်ပွားနေခဲ့တာဖြစ်ပါတယ်။

 

Source: RT/Agencies
#Yangon_Media_Group