#WorldHealth
Published - 1 February 2022


ခန္ဓာကိုယ်ထဲဝင်ရောက်လာတဲ့ ကိုရိုနာဗိုင်းရပ်စ်ကို သိရှိပြီးတိုက်ထုတ်ဖို့ mRNA ကိုဗစ်ကာကွယ်ဆေးအာနိသင် သက်ရောက်နေတဲ့အချိန်မှာ သန့်စင်ထားသော ဗိုင်းရပ်စ်စပိုက်ခ်ပရိုတိန်းတွေပါဝင်တဲ့ booster အားမြှင့်ကာကွယ်ဆေးကို နှာခေါင်းအစက်ချအသုံးပြုခြင်းက အကျိုးအာနိသင်တွေရရှိလာမယ်လို့ သုတေသီတို့က ယုံကြည်နေကြပါတယ်။

ဒီစမ်းသပ်နည်းဗျူဟာကို လက်ရှိတိရိစ္ဆာန်တွေမှာ စမ်းသပ်နေတဲ့ booster အားမြှင့်ကာကွယ်ဆေးမှာ ထည့်သွင်းထုတ်လုပ်ထားတာဖြစ်ပါတယ်။

ဖိုင်ဇာ-ဘိုင်အိုတက်ခ်ကာကွယ်ဆေး ၂ ကြိမ်ထိုးပြီးနောက် ကိုယ်ခံအားတဖြည်းဖြည်းကျဆင်းလာတဲ့ ကြွက်တွေမှာ သန့်စင်ထားသော စပိုက်ခ်ပရိုတိန်းကာကွယ်ဆေးထိုးခြင်းဖြင့် နှာခေါင်း၊ အဆုတ်နဲ့ သွေးထဲရှိ အန္တရာယ်ပေးနိုင်လောက်တဲ့ ဗိုင်းရပ်စ်ပမာဏကို ကာကွယ်ဖို့ ပထမအဆင့်နဲ့ ဒုတိယအဆင့် ခုခံအားတွေကို အမြင့်မားဆုံးမြှင့်တင်ပေးနိုင်ကြောင်း သုတေသီတို့က bioRxiv ဝက်ဘ်ဆိုက်မှာ ဗုဒ္ဓဟူးနေ့က ဖော်ပြလိုက်ပါတယ်။

အဲဒီနောက်မှာတော့ ကြွက်တွေမှာ ခန့်မှန်းထားတာထက် ဗိုင်းရပ်စ်ပမာဏနည်းပါးခဲ့ပြီး ကူးစက်နှုန်းကျဆင်းလာနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။

ကြွက်တွေရဲ့ကိုယ်ခံအားစနစ်မှာ mRNA ကာကွယ်ဆေးအာနိသင်ဖုံးလွှမ်းနေခြင်းမရှိရင် စပိုက်ခ်ပရိုတိန်းလည်း သက်ရောက်မှုရှိမှာမဟုတ်ပါဘူး။

ဒါပေမဲ့လည်း mRNA ကာကွယ်ဆေးထိုးနှံခြင်းမှ ရရှိထားတဲ့အတိုင်း ကိုယ်ခံအားစနစ်ကို တည်ဆောက်ပြီး ခန္ဓာကိုယ်က လိုက်လျောညီထွေဖြစ်အောင် ရောဂါခုခံအားကို ထုတ်လုပ်သွားတာဖြစ်ပါတယ်။

ဒီနည်းဗျူဟာက ဗိုင်းရပ်စ်ပျံ့နှံခြင်းကို ကာကွယ်ဖို့ အလျင်အမြန်နှိုးဆွပေးနိုင်တဲ့ cross-reactive memory နဲ့ တာရှည်ခံနိုင်မှုကို ပေးစွမ်းနိုင်ဖွယ်ရှိနေတယ်လို့ ယေးလ်တက္ကသိုလ်မှ ဦးဆောင်လေ့လာသူ 'အာကီကိုအီဝါဆာကီ'က တွစ်တာမှာရှင်းပြထားပါတယ်။

"နှာခေါင်းအစက်ချစပိုက်ခ်ပရိုတိန်း booster အားမြှင့်ကာကွယ်ဆေးက ဆေးပေးရတာလွယ်ကူတာကြောင့် mRNA ကာကွယ်ဆေးထိုးဖို့ တွေဝေနေတဲ့သူတွေနဲ့ ဆေးထိုးအပ်ကြောက်တဲ့သူတွေအတွက် အတော်လေးအဆင်ပြေနိုင်မှာပါ"လို့ ပြောကြားသွားပါတယ်။. Source Reuters