၅ မေ  ၂၀၂၄

ထိုင်းနိုင်ငံ ဆူရတ်သနီပြည်နယ်မှ အိမ်ဖော်အမျိုးသမီးကြီးတစ်ဦးဟာ ကိုယ့်ကိုကိုယ်အဆုံးစီရင်သွားသည့် အိမ်ရှင် ပြင်သစ်အမျိုးသမီးတစ်ဦးက ပေးခဲ့တဲ့ ဒေါ်လာသန်းချီရှိအမွေတွေရရှိခဲ့တယ်လို့ ထိုင်းမီဒီယာ  တွေက သတင်းဖော်ပြကြပါတယ်။

မဒမ်ကက်သရင်းလို့ သိထားကြတဲ့ အသက် ၅၉နှစ်အရွယ် ပြင်သစ်လုပ်ငန်းရှင်အမျိုးသမီးသည် ဆူရတ်သနီပြည်နယ်၊ခို ဆာမွီမြို့ရှိ တန်ဖိုးကြီးလှတဲ့ စံအိမ်တော်ကြီးတစ်ခုမှာ‌ နေထိုင်ရင်း ကိုယ့်ကို ကိုယ် သေနတ်နှင့်ပစ်ပြီးအဆုံးစီရင်သွားခဲ့တာဖြစ်ပါတယ်။သူမဟာ ကွယ်လွန်သွားပြီးနောက် ဘတ်ငွေ သန်း၁၀၀ (အမေရိကန်ဒေါ်လာ ၂.၇သန်းခန့်)နှင့် ကြောင်သုံးကောင်ကျန်ရစ်ပြီး သူမရဲ့ အိမ်ဖော်   အမျိုးသမီးကြီး ပါတင်ကို သူမရဲ့သေတမ်းစာထဲမှာ ကြိုရေးထားပြီး အဲဒါတွေ အမွေပေးခဲ့တာလို့  သိရပါ  တယ်။

အန်တီတင်(ပါတင်)ဟာ ဆာခွန်နက်ခွန်ပြည်နယ် ဝါနွန်နီဝပ်စ် ခရိုင်က ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးက မဒမ်ကက်သရင်းရဲ့ ကြေကွဲဖွယ်အဖြစ်ဆိုးကို သူမသိရပြီးနောက် အတော်ပင်ဝမ်းနည်း တုပ်လှုပ်သွားတယ်လို့ မျက်ရည်တွေဖြိုင်ဖြိုင်ကျရင်း မီဒီယာကိုပြောပါတယ်။

 မဒမ်ကက်သရင်းကို သိတာ ၁၇နှစ်ကျော်ပြီလို့ အိမ်ဖော်အမျိုးသမီးကြီး အန်တီတင်က ပြောပါတယ်။   သူမရဲ့သူငယ်ချင်းတစ်ဦးက မဒမ်ကက်သရင်းဆီမှာ အိမ်ဖော်လုပ်ပေးဖို့ မိတ်ဆက်ပေးခဲ့တာ လို့ဆိုပါ တယ်။

အဲဒီနောက်ပိုင်းမှာကက်သရင်းဟာ သူမရဲ့လုပ်ငန်းတွေကို တိုးချဲ့ခဲ့ပါတယ်။ သူမဟာ အခန်းတွေ အိမ်ငှားလုပ်ရာကနေ အပန်းဖြေစံအိမ်တွေငှားရမ်းတဲ့လုပ်ငန်းအထိပိုင်ဆိုင်လာခဲ့ပါတယ်။ အန်တီတင်ဟာ ကက်သရင်းဆီမှာပဲ တောက်လျောက်အလုပ်လုပ် ပေးခဲ့ပါတယ်။  သူမဟာ တစ်လကို ထိုင်းဘတ်ငွေ ၂၂၀၀၀ လစာရရှိပါတယ်။

ဧပြီ ၂၈ ရက် ဖြစ်ရပ်ဆိုးမဖြစ်ခင်မှာ အန်တီတင်ဟာ အိမ်ကို အရင်အတိုင်းပဲ သန့်ရှင်းရေးလုပ်ပေးဖို့ သွားခဲ့ပါတယ်။ နေ့လယ်ခင်းရောက်တော့  သူမအနေနှင့် ဒီနေ့မွေးနေ့မို့လို့ ဘုရားတက်ချင်ကြောင်း ကက် သရင်းထံမှာ အန်တီတင်ကခွင့်တိုင်ခဲ့ပါတယ်။ ကက်သရင်းကခွင့်ပေးပြီး” ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ” လို့တောင် ဆုတောင်းပေးလိုက်ပါသေးတယ်တဲ့။

နောက်တစ်ရက်မှာ ရေကူးကန်သန့်ရှင်းရေးအလုပ်သမားက အန်တီတင်ကိုလှမ်းခေါ်ပါတယ်။ ကက်  သရင်းဟာ မြေပေါ်မှာ သွေးအလူးလူးနှင့် လဲကျနေတယ်လို့ပြောပါတယ်။အဲဒါနှင့် အန်တီတင်ဟာ ထိတ်လန့်သွားပြီး အိမ်ကို အမြန်သွားပါတယ်။ အိမ်ရောက်တော့ သူမရဲ့ အလုပ်ရှင် ကက်သရင်းဟာ နားထင်မှာ သေနတ်ဒဏ်ရာနှင့် သေဆုံးနေတာတွေ့လိုက်ရပါတော့တယ်။

 ကက်သရင်းက အန်တီတင်ထံသို့ LINE ကနေမက်ဆေ့ချ်ပို့ထားတာ တွေ့လိုက်ရပါတယ်တဲ့။ အဲဒီမက်ဆေ့ချ်အရ ကက်သရင်းက မီးခံသေတ္တာထဲမှာ နှုတ်ဆက်စာထားခဲ့တယ်လို့ ရေးထားပါတယ်။  အဲဒါကြောင့် အန်တီတင်နှင့် ကက်သရင်းသူငယ်ချင်းတို့ မီးခံသေတ္တာဖွင့်ကြည့်တဲ့အခါ စာတစ်စောင်ကို တွေ့လိုက်ရပါတယ်။

“ စာကို ပြင်သစ်လိုက “ အော်ရဗွား”” ဂွတ်ဘိုင်” လို့ နှုတ်ဆက်စတင်ထားပါတယ်။ “ ကျွန်မရဲ့ ခရီးဒီမှာ အဆုံးသတ်ပြီ။ ရှင်ဟာ စိတ်ချယုံကြည်ရသူတစ်ဦးလို့ ကျွန်မရိုးသားစွာယုံကြည်တယ်။ အဲဒါကြောင့် ကျွန်မမီးခံသေတ္တာထားခဲ့တယ်။ ဒုတိယကော်ပီက တင်မ်(အန်တီတင်)အတွက်ပါ။  ကျွန်မကို မီးသင်္ဂြုဟ် ပြီး ပြာတွေကို ကြဲပက်ပေးစေချင်တယ်။ ဖြစ်နိုင်ရင် ဆာပရော့တ်မှာပေါ့” လို့ ကက်သရင်းက သေတမ်းစာမှာ ရေးထားပါတယ်။

စာထဲမှာ ကက်သရင်းအနေနှင့် သူမရဲ့ မြေခြံဝင်းအပါအဝင်စံအိမ်၊ ကပ်လျက်ရှိနေတဲ့မြေတွေ၊ ဇိမ်ခံကား တွေ၊မီးခံသေတ္တာထဲက လက်ဝတ်ရတနာတွေ၊လက်စွပ်တွေ၊ စိန်တွေနှင့် ဘဏ်မှာအပ်ထားတဲ့သူ့ငွေတွေ အားလုံးကို ပါတင် (အန်တီတင်)သို့ အမွေပေးခဲ့ပါတယ်လို့ရေးထားပါတယ်။

အဲဒီအပြင် သူမရဲ့ နောက်ထပ် စံအိမ်နှစ်အိမ်ကိုလည်း သူမရဲ့ ခင်ပွန်းဟောင်း မစ္စတာ ဗင်းဆင့်ထံ အမွေပေးခဲ့တယ်လို့ရေးထားပါတယ်။ အဲဒီအပြင် သူမရဲ့ အချစ်တော်ကြောင်သုံးကောင်ကိုလည်း အန်တီ တင်ဆက်မွေးပေးဖို့ သေတမ်းစာထဲရေးသားထားပါတယ်။

“ သူမကို ကျွန်မနှင့်အတူပဲနေစေချင်တယ်။ ဒါမျိုးမဖြစ်ချင်ဘူး။ သူမဆီက ကျွန်မ အများကြီးရပြီးပြီ။  ဒါပေမယ့် သူမကိုတော့ဆုံးရှုံးသွားပြီ။ ကျွန်မအသည်းတွေကြေကွဲရပါပြီ။ သူမကို သိပ်သတိရနေတယ်။  ကျွန်မကို သူမ မထားရစ်ခဲ့စေချင်ဘူး။သူမဟာ ကျွန်မရဲ့မိခင်လိုပဲ။ သူမနှင့်အတူနေခဲ့တဲ့ တလျောက် ကျွန်မကို စောင့်ရှောက်ပေးခဲ့တာ။ကျွန်မအကောင်းဆုံးလုပ်ပါမယ်လို့ကတိပေးပါတယ်” လို့ ပါတင်က ပြောပါတယ်။

ပါတင်မှာ သားသမီး လေးယောက်ရှိပါတယ်။ သူမမသေခင်မှာ ကက်သရင်းဟာ ပါတင်အတွက်လစာ၊ အင်တာနက်ဖိုး၊ရေဖိုးနှင့်မီးဖိုးတွေ အပြည့်ဆောင်သွားခဲ့တယ်လို့လည်း သိရပါတယ်။ အဲဒီအပြင် ကက်သရင်းက သူမရဲ့ အသုဘအခမ်းအနားအတွက် ကုန်ကျစရိတ် ဘတ်ငါးသိန်းကိုလည်း ကြိုတင် ငွေလွှဲသွားခဲ့ပါသေးတယ်။ သူမရဲ့ အသုဘအခမ်းအနားကို သေသေချာချာလုပ်ပေးမယ်လို့ ပါတင်က ကတိပြုလိုက်ပြီး မဒမ်ကက်သရင်းရဲ့ကြင်နာမှုတွေကို သူမဘယ်တော့မှမေ့ရတော့မှာ မဟုတ်ဘူးလို့ အန်တီတင်(ပါတင်)ကပြောပါတယ်။

အနာဂတ်မှာ ဒီစံအိမ်ကြီးကို သူမဘာလုပ်ရမယ် မသိသေးဘူးလို့ ပါတင်ကပြောပါတယ်။ သေချာတာက တော့ အဲဒီအိမ်ကြီးကို သူမမရောင်းဘူးလို့ လည်းဆိုပါတယ်။ သူမအနေနှင့်ကားမမောင်းတတ်ပေမယ့် ကက်သရင်းအမွေပေးသွားတဲ့ ဇိမ်ခံကားတွေကိုလည်း သူမအနေနှင့် ရောင်းပစ်မှာ မဟုတ်ဘူးလို့ ပြောပါ တယ်။

ကက်သရင်းကိုယ့်ကိုကိုယ်သတ်သေတာဟာ သူမကျန်းမာရေးကောင်းတဲ့အတွက် စိတ်ဖိအားကြောင့်လို့ ထင်တယ်လို့ ပါတင်က ပြောပါတယ်။ ကက်သရင်းဟာ သွေးလိပ်ခေါင်းရောဂါရှိရာကနေ ကင်ဆာရောဂါဖြစ်သွားတဲ့အထိရောဂါခံစားနေရသူဖြစ်ပါတယ်။ သူမဟာ ငြိမ်းငြိမ်းချမ်းချမ်းသေဆုံးသွား  လိုတာဖြစ်နိုင်တယ်လို့ ပါတင်ကပြောတဲ့အကြောင်း ထိုင်းမီဒီယာတွေကရေးပါတယ်။

@ymg/knl