Published 22 April 2024

ကမ္ဘာတဝှမ်းမှာ စစ်ပွဲတွေနဲ့ တင်းမာမှုတွေ မြင့်တက်နေတာကြောင့် တစ်ကမ္ဘာလုံးဆိုင်ရာ စစ်အသုံးစရိတ်ဟာ ၂၀၂၃ ခုနှစ်မှာ ဆယ်စုနှစ်အတွင်း အများဆုံးမြင့်တက်ခဲ့ပြီး ဒေါ်လာ ၂.၄ ထရီလီယံ စံချိန်တင်အများဆုံး ရှိခဲ့တယ်လို့ သုတေသီများက တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။

စစ်အသုံးစရိတ်ဟာ အထူးသဖြင့် ဥရောပ၊ အရှေ့အလယ်ပိုင်း၊ အာရှတို့မှာ မြင့်တက်ခဲ့တယ်လို့ စတော့ဟုမ်း နိုင်ငံတကာငြိမ်းချမ်းရေး သုတေသနဌာန(SIPRI)က ဖော်ပြလိုက်ပါတယ်။

ဒါတွေဟာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးပျက်စီးယိုယွင်းလာတဲ့ သဘောဖြစ်ပြီး အခြေအနေကောင်းနေတဲ့ ဒေသရယ်လို့ မရှိတော့ကြောင်း SIPRI မှ အကြီးတန်းသုတေသီ နန်ရှန်က AFP သတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။

ထိုထဲမှာမှ အမေရိကန်၊ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ဆော်ဒီအာရေဗျတို့က အသုံးစရိတ်အများဆုံး ၅ နိုင်ငံဖြစ်ပါတယ်။

ရုရှား-ယူကရိန်း စစ်ပွဲမှာ ရုရှားက ၂၄ ရာခိုင်နှုန်း အသုံးစရိတ် မြင့်တက်လာပြီး ၂၀၂၃ ခုနှစ်အတွင်း ဒေါ်လာ ၁၀၉ ဘီလီယံရှိခဲ့ပါတယ်။

ယူကရိန်းရဲ့ စစ်အသုံးစရိတ်ကလည်း ၅၁ ရာခိုင်နှုန်း မြင့်တက်လာကာ ဒေါ်လာ ၆၄.၈ ဘီလီယံရှိခဲ့တဲ့အပြင် စစ်ရေးအကူအညီ ၃၅ ဘီလီယံလည်း ရရှိခဲ့တာကြောင့် ပေါင်းလိုက်မယ်ဆိုရင် ရုရှားအသုံးစရိတ်ရဲ့ ၁၀ ပုံ ၉ ပုံခန့်အထိ ရှိပါတယ်။

၂၀၂၃ အတွင်း ယူကရိန်းစစ်အသုံးစရိတ်က တိုင်းပြည် ဂျီဒီပီရဲ့ ၃၇ ရာခိုင်နှုန်းနဲ့ ညီမျှပြီး အစိုးရအသုံးစရိတ်အားလုံးရဲ့ ၅၈ ရာခိုင်နှုန်းရှိတာကြောင့် အခုဆိုရင် စစ်အသုံးစရိတ် မြှင့်တင်ဖို့ ကန့်သတ်ချက်တွေ ရှိနေပြီလို့ နန်ရှန်က ဆိုပါတယ်။

ဥရောပမှာ ပိုလန်က စစ်အသုံးစရိတ် အတိုးမြင့်ဆုံးဖြစ်ပြီး ၇၅ ရာခိုင်နှုန်းအထိ တက်လာပါတယ်။

အရှေ့အလယ်ပိုင်းဒေသမှာတော့ ဆော်ဒီအာရေဗျက အများဆုံးဖြစ်ပြီး ဒေါ်လာ ၇၅.၈ ဘီလီယံအထိ ခန့်မှန်းထားကာ ဒုတိယအများဆုံးကတော့ ဂါဇာမှာ စစ်ဆင်ရေးပြုလုပ်နေတဲ့ အစ္စရေးလ်ဖြစ်ပြီး ၂၇.၅ ဘီလီယံရှိခဲ့ပါတယ်။

တစ်ကမ္ဘာလုံးမှာ စစ်အသုံးစရိတ် အများဆုံးဖြစ်တဲ့ အမေရိကန်က ၉၁၆ ဘီလီယံအထိ တိုးမြှင့်အသုံးပြုထားကာ နောက်ထပ်အများဆုံးဖြစ်တဲ့ တရုတ်ကတော့ ၂၉ နှစ်ဆက်တိုက် အသုံးစရိတ်တိုးမြှင့်လာပြီး ၂၉၆ ဘီလီယံခန့် ရှိနိုင်ပါတယ်။

တရုတ်ရဲ့ စစ်ရေးချဲ့ထွင်မှုနဲ့ တင်းမာမှု မြင့်တက်လာတာတွေကြောင့် အိမ်နီးချင်းနိုင်ငံတွေဟာလည်း စစ်ရေးအတွက် ပိုမိုသုံးစွဲလာရပါတယ်။

ယူကရိန်းစစ်ပွဲ အဆုံးသတ်ဖို့ လမ်းမမြင်သေးသလို အရှေ့အလယ်ပိုင်းမှ လက်ရှိအခြေအနေတွေနဲ့ အာရှမှာ တင်းမာနေမှုတွေကြောင့် စစ်အသုံးစရိတ်တွေ ဆက်လက်မြင့်တက်လာဦးမယ်လို့ သုံးသပ်သွားပါတယ်။
Source: France24
#World_News
#Published_ 22 April 2024
#YMG_News #Yangon_Times #Yangon_Media_Group