Published 06 April 2024

ဆီးရီးယားရှိ အီရန်သံရုံးကို အစ္စရေးလ်တိုက်ခိုက်တာနဲ့ ပတ်သက်ပြီး ထိုဒေသတွင်းရှိ အစ္စရေးလ်နဲ့ အမေရိကန်တို့ကို အီရန်က ပစ်မှတ်ထား လက်စားချေတိုက်ခိုက်လာနိုင်တဲ့အတွက် အမေရိကန်ဘက်က အထူးတပ်လှန့် ပြင်ဆင်နေကြောင်း အမေရိကန် အရာရှိတစ်ဦးက သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။

‘’အခုဆိုရင် အလွန်သတိထား စောင့်ကြည့်နေရပြီး လာမယ့်ရက်သတ္တပတ်မှာ တိုက်ခိုက်လာနိုင်ပါတယ်’’ လို့ ပြောပြသွားပါတယ်။

အစ္စရေးလ်ကလို့ သံသယရှိနေတဲ့ စစ်လေယာဥ်တွေဟာ တနင်္လာနေ့က ဆီးရီးယားနိုင်ငံ ဒါမတ်စ်ကပ်စ်ရှိ အီရန်သံရုံးကို ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အီရန်တပ်မှူးတစ်ဦး ကျဆုံးခဲ့ပြီး အစ္စရေးလ်စစ်ပွဲ တင်းမာမှုမြင့်တက်လာပါတယ်။

Quds Force မှ အကြီးတန်းတပ်မှူး မိုဟာမက်ရီဇာဇက်ဟယ်ဒီ အပါအဝင် အီရန်စစ်ရေးအကြံပေးအရာရှိ ၇ ဦး ကျဆုံးခဲ့ကြောင်း အီရန် အစ္စလာမ်တော်လှန်ရေး အစောင့်တပ်က ပြောကြားထားပါတယ်။

အီရန်ကတော့ ဒါကို ပြတ်ပြတ်သားသား လက်တုန့်ပြန်ခွင့်ရှိတယ်လို့ ဆိုထားပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အစ္စရေးလ်ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟူနဲ့ ကြာသပတေးနေ့က ဖုန်းပြောဆိုခဲ့ကာ အီရန်ဘက်က ခြိမ်းခြောက်လာနိုင်တဲ့အကြောင်း ဆွေးနွေးခဲ့ပါတယ်။

အဲဒီကတည်းက ယင်းတို့တွေဟာ အဆက်အသွယ်မပြတ် ရှိခဲ့ကြောင်း၊ အမေရိကန်က အီရန်ခြိမ်းခြောက်မှုမှ ကာကွယ်ရန် အစ္စရေးလ်ကာကွယ်ရေးကို အပြည့်အဝ ထောက်ပံ့ကြောင်း အမေရိကန် အစိုးရအဖွဲ့မှ အကြီးတန်းအရာရှိတစ်ဦးက ပြောပြသွားပါတယ်။
Source: Reuters
#World_News
#Published_ 06 April 2024
#YMG_News #Yangon_Times #Yangon_Media_Group