Published 03 April 2024

ဆီးရီးယားမြို့တော် ဒါမတ်စ်ကပ်စ်ရှိ အီရန်သံရုံးဝင်းကို အစ္စရေးလ်လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ရာမှာ အမေရိကန်က ယင်းတို့ပါဝင်ပတ်သက်ခြင်း မရှိဘူးလို့ အင်္ဂါနေ့က ပြောကြားလိုက်ပါတယ်။

အဆိုပါ တိုက်ခိုက်မှုကြောင့် အီရန်ဗိုလ်မှူးချုပ် ၂ ဦးနဲ့ စစ်ရေးအကြံပေးပုဂ္ဂိုလ် ၅ ဦး သေဆုံးခဲ့ပါတယ်။

ဒီအတွက် အမေရိကန်ကို စွပ်စွဲနေတာတွေဟာ အဓိပ္ပာယ်မရှိဘူးလို့ အိမ်ဖြူတော် အမျိုးသားလုံခြုံရေး ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ပြောလိုက်ပြီး လက်စားချေတိုက်ခိုက်မှုများကို အမေရိကန်အနေနဲ့ တုန့်ပြန်သွားမယ်လို့ သတိပေးလိုက်ပါတယ်။

အစ္စရေးလ်ဟာ အီရန်နဲ့ စစ်သွေးကြွများနဲ့ နှစ်ရှည်လများ ထိပ်တိုက်ရင်ဆိုင်မှုတွေ ရှိနေရာမှာ အောက်တိုဘာလကစခဲ့တဲ့ ဂါဇာအရေးကြောင့် ပိုမိုပြင်းထန်နေတဲ့အချိန်မှာပဲ ယခုလို သံရုံးတိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပြီး တင်းမာမှုပိုမိုမြင့်တက်လာစေပါတယ်။

အမေရိကန်က အစ္စရေးလ်ကို ထောက်ပံ့တဲ့အတွက် အီရန်နောက်ခံပြု စစ်သွေးကြွေတွေက အီရတ်၊ ဆီးရီးယား၊ ဂျော်ဒန်တို့မှာရှိတဲ့ အမေရိကန် စစ်စခန်းများကို ပစ်မှတ်ထားတိုက်ခိုက်နေပါတယ်။

ယခုတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အစ္စရေးလ်ဘက်က ကြိုတင်အသိပေးထားတာမျိုး မရှိဘူးလို့ ပင်တဂွန်မှ ပြောရေးဆိုခွင့်ရှိသူ ဆာဘရီနာဆင်းရ်က ဆိုပါတယ်။

တိုက်ခိုက်မှုမတိုင်မီအချိန်လေးက အစ္စရေးလ်ဟာ ဆီးရီးယားမှာ စစ်ရေးလှုပ်ရှားမှု ပြုလုပ်မယ်လို့ အမေရိကန်ကို အသိပေးခဲ့ပေမယ့် နေရာအတိအကျ၊ ပစ်မှတ်တို့ကို သေချာမသိရဘဲ အဆိုပါ အသိပေးချက်က အမေရိကန်အစိုးရဆီ မရောက်ခင်မှာ တိုက်ခိုက်ဖို့ သွားနေပြီဖြစ်တယ်လို့ အရာရှိတစ်ဦးက ပြောပြပါတယ်။

အီရန်သံရုံးမှ ကောင်စစ်ဝန်အဆောက်အအုံ ပျက်စီးသွားပြီး Quds Force အဖွဲ့ဝင် ၇ ဦးသေဆုံးခဲ့ရတဲ့အတွက် အစ္စရေးလ်ကို လက်တုန့်ပြန်သွားမယ်လို့ အီရန်က အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။

ထိုတိုက်ခိုက်မှုအတွက် အစ္စရေးလ်က ယင်းတို့ပြုလုပ်တယ်လို့ ကြေညာထားခြင်း မရှိပါဘူး။
Source: Reuters
#World_News
#Published_ 03 April 2024
#YMG_News #Yangon_Times #Yangon_Media_Group