#World_Science
Published 28 March 2024


ပြီးခဲ့တဲ့ ၄ နှစ်အတွင်း ဆယ်ကျော်သက်များကြား အင်တာနက်ပေါ်မှ အနိုင်ကျင့်ခြင်း(ဆိုက်ဘာအနိုင်ကျင့်ခြင်း)ဖြစ်စဥ်များ ၁၃ ရာခိုင်နှုန်း ပိုမိုအဖြစ်များလာပြီး ၂၀၂၂ ခုနှစ်မှာ အင်တာနက်ပေါ်မှ အနိုင်ကျင့်ခံရခြင်း ကြုံတွေ့ခဲ့ရတဲ့ ဆယ်ကျော်သက် ၁၆ ရာခိုင်နှုန်းခန့် ရှိခဲ့တယ်လို့ WHO ဥရောပမှ မကြာသေးမီက ထုတ်ပြန်လိုက်ပါတယ်။

 

ဒါဟာ နေရာမရွေး အချိန်မရွေး ဖြစ်ပွားနေတဲ့ အနိုင်ကျင့်ခြင်းနဲ့ အကြမ်းဖက်ခြင်းတို့ကို ဖြေရှင်းကြဖို့ အားလုံးကို သတိပေးလိုက်တာဖြစ်ကြောင်း WHO ဥရောပဆိုင်ရာ ညွှန်ကြားရေးမှူး ဟန်းစ်ကလူဂေးက ပြောပြလိုက်ပါတယ်။

 

မကြာသေးမီလများက ယောက်ျားလေး ၁၅ ရာခိုင်နှုန်းနဲ့ မိန်းကလေး ၁၆ ရာခိုင်နှုန်းတို့ အင်တာနက်ပေါ်မှ အနိုင်ကျင့်ခြင်း ကြုံတွေ့ခဲ့ရကြောင်း ဖော်ပြထားပါတယ်။

 

ကိုဗစ်ကပ်ရောဂါ နောက်ပိုင်းကတည်းက လူငယ်တွေမှာ အွန်လိုင်းပေါ်မှာ ပြောဆိုလှုပ်ရှားမှုများ ပိုမိုပြုလုပ်လာတာကြောင့် ဒီလိုအဖြစ်များလာတာပါ။

 

မိဘတွေရဲ့ လူမှုစီးပွားရေး အခြေအနေက ကလေးတွေရဲ့ အပြုအမူပေါ် သိပ်ပြီးသက်ရောက်မှု မရှိဘဲ ကနေဒါမှာကတော့ အနည်းငယ်နိမ့်ကျတဲ့ လူငယ်တွေမှာ ပိုပြီးအနိုင်ကျင့်ခံနေရပါတယ်။

 

အင်တာနက်ပေါ်မှ အနိုင်ကျင့်ခြင်းဖြစ်စဥ် ဖြစ်ပွားမှုနှုန်းက တစ်နိုင်ငံနဲ့တစ်နိုင်ငံ မတူညီကြဘဲ ဘူလ်ဂေးရီးယား၊ လစ်သူယေးနီးယား၊ မော်လ်ဒိုဗာ၊ ပိုလန်တို့မှ ယောက်ျားလေးများက အများဆုံး ခံစားနေရပြီး စပိန်ကတော့ အနည်းဆုံး ဖြစ်နေပါတယ်။

 

တင်ပြချက်တစ်ခုအရ ဆယ်ကျော်သက် ၈ ယောက်မှာ ၁ ယောက်နှုန်းက အခြားသူများကို အင်တာနက်ပေါ်မှ အနိုင်ကျင့်ဖူးတယ်လို့ ဝန်ခံထားပါတယ်။

 

လူငယ်တွေဟာ နေ့စဥ်နေ့တိုင်း အွန်လိုင်းပေါ်မှာ အချိန်အတော်များများ ရှိနေတာကြောင့် အနိုင်ကျင့်မှု အနည်းငယ်ပြောင်းလဲရင်တောင်မှ လူပေါင်းထောင်ပေါင်းများစွာရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်လို့ ညွှန်ကြားရေးမှူးက ဆိုပါတယ်။

 

ထိုတင်ပြချက်ဟာ ဥရောပ၊ အာရှအလယ်ပိုင်း၊ ကနေဒါစသဖြင့် နိုင်ငံပေါင်း ၄၄ နိုင်ငံမှ ကလေးငယ်နဲ့ ဆယ်ကျော်သက် ၂၇၉၀၀၀ ဦးကို လေ့လာထားတာ ဖြစ်ပါတယ်။

 

လူငယ်တွေ၊ မိသားစုတွေကို အင်တာနက်ပေါ်မှ အနိုင်ကျင့်ခြင်းနဲ့ ပတ်သက်ပြီး အသိပညာပေးဖို့ လိုအပ်သလို ဒီလိုအနိုင်ကျင့်ခြင်းမျိုးကို လျှော့ချနိုင်ရန် ဆိုရှယ်မီဒီယာတွေကို ထိန်းကွပ်ပေးဖို့ လိုအပ်ကြောင်း ဖော်ပြထားပါတယ်။

 

#World_Science #Source: WION #အင်တာနက်ပေါ် #အခြားသူများကိုအနိုင်ကျင့်နေ