#World_News
Published 26 March 2024


အစ္စရေးလ်နဲ့ ပါလက်စ်တိုင်း စစ်သွေးကြွ ဟားမတ်စ်တို့ကြား ချက်ချင်းအပစ်အခတ် ရပ်စဲရေးကို တောင်းဆိုထားတဲ့ ဖြေရှင်းဆုံးဖြတ်ချက်တစ်ခုကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက တနင်္လာနေ့မှာ အတည်ပြုလိုက်ပြီး အမေရိကန်ကတော့ ကြားနေမဲသာ ပေးခဲ့ကာ ယင်းရဲ့မဟာမိတ် အစ္စရေးလ်နဲ့ ကတောက်ကဆ ဖြစ်ခဲ့ရပါတယ်။

 

ကျန်တဲ့ကောင်စီအဖွဲ့ဝင် ၁၄ နိုင်ငံက ထိုဖြေရှင်းဆုံးဖြတ်ချက်ကို ထောက်ခံမဲပေးခဲ့ပြီး ဓားစာခံအားလုံး ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရေးလည်း တောင်းဆိုချက်ထဲမှာ ပါဝင်ပါတယ်။

 

ဖြေရှင်းဆုံးဖြတ်ချက်ကို မဖြစ်မနေ အသက်သွင်းရမှာဖြစ်ပြီး အသုံးမချနိုင်တာမျိုး လက်မခံနိုင်ဘူးလို့ ကုလအထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ဆိုရှယ်မီဒီယာမှာ ပြောကြားလိုက်ပါတယ်။

 

အမေရိကန်မှ ဗီတိုအာဏာမသုံးလိုက်ခြင်းကြောင့် ယခင်ရပ်တည်ချက်ကနေ နောက်ဆုတ်သွားတယ်ဆိုတာ ရှင်းလင်းနေပြီး အစ္စရေးလ်တို့ရဲ့ စစ်ရေးအားထုတ်မှုတွေနဲ့ ဓားစာခံလွတ်မြောက်ရေး ကြိုးပမ်းမှုများကို ထိခိုက်စေတယ်လို့ အစ္စရေးလ်ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟူက ပြောပြပါတယ်။

 

ကုလသမဂ္ဂမှ မဲခွဲဆုံးဖြတ်ပြီးနောက် ဂါဇာတောင်ပိုင်းမြို့ရာဖာမှာ ပြုလုပ်မယ့် စစ်ဆင်ရေးအကြောင်း ဆွေးနွေးသွားမယ့် အမေရိကန်ခရီးစဥ်ကို အစ္စရေးလ်ဝန်ကြီးချုပ်က ပယ်ဖျက်လိုက်ပါတယ်။

 

ဂါဇာစစ်ပွဲ ၆ လနီးပါးကြာမြင့်လာချိန်မှာ အမေရိကန်က ဗီတိုအာဏာဖြင့် အစ္စရေးလ်လက်စားချေနိုင်ဖို့ကို ကာကွယ်ပေးနေခဲ့ပါတယ်။

 

ဒါပေမဲ့ ပါလက်စ်တိုင်းဘက်မှ လူပေါင်း ၃၂၀၀၀ ကျော်သေဆုံးထားကြောင်း ပါလက်စ်တိုင်း ကျန်းမာရေးဝန်ကြီးဌာနမှ တိုင်ကြားလာကာ စစ်ပွဲပြေငြိမ်းရန် နိုင်ငံတကာမှ ဖိအားပေးလာပြီးနောက် အမေရိကန်က ကြားနေမဲပေးခဲ့ကာ လုံခြုံရေးကောင်စီရဲ့ ချက်ချင်းအပစ်အခတ် ရပ်စဲရေးတောင်းဆိုချက်ကို ခွင့်ပြုခဲ့ရပါတယ်။

 

ဟားမတ်စ်တို့က ကုလဆုံးဖြတ်ချက်ကို လက်ခံကြိုဆိုလိုက်ပြီး နှစ်ဖက်စလုံးမှ အကျဥ်းသားလဲလှယ်ရေး အသင့်ပြင်ဆင်ထားကြောင်း ဖော်ပြသွားပါတယ်။

 

အမေရိကန်အနေနဲ့ ဆုံးဖြတ်ချက်ထဲက အချို့အရာများကို ထောက်ခံပေမယ့် အရာအားလုံးကို သဘောတူတာတော့ မဟုတ်ကြောင်း၊ ဓားစာခံအရင်လွှတ်ပေးပြီး အပစ်အခတ်ရပ်စဲရေး စတင်နိုင်ကြောင်း၊ ဒီလိုလုပ်ဖို့ ဟားမတ်စ်တို့ကို ဖိအားပေးသင့်ကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် လင်ဒါသောမတ်စ်ဂရင်းဖီးလ်က ပြောပါတယ်။

 

ရာဖာမှာရှိနေတဲ့ စစ်ဘေးရှောင် ပါလက်စ်တိုင်းတွေကတော့ အပစ်အခတ်ရပ်စဲရေး ချက်ချင်းအသက်သွင်းပေးဖို့ မျှော်လင့်နေကြပါတယ်။

 

#World_News #ကုလသမဂ္ဂလုံခြုံရေးကောင်စီ #မဲခွဲအတည်ပြု #Source: Reuters