Published 21 March 2024

အရူနာချယ်လ်ပရာဒစ်ရှ်ဒေသကို အိန္ဒိယနိုင်ငံ အစိတ်အပိုင်းအဖြစ် အမေရိကန်အစိုးရက အသိအမှတ်ပြုလိုက်ကာ  တရုတ်နဲ့ နယ်နိမိတ်ထိစပ်နေတဲ့ အိန္ဒိယအရှေ့မြောက်ပိုင်းရှိ နယ်စပ်ကို ပိုင်ဆိုင်တယ်ဆိုတဲ့ သဘောဖြင့် တစ်ဖက်သတ် ကြိုးပမ်းနေတဲ့ မည်သည့်လုပ်ရပ်ကိုမဆို အပြင်းအထန် ကန့်ကွက်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။

နျူကလီးယားလက်နက်ပိုင် တရုတ်နဲ့ အိန္ဒိယတို့ဟာ ၃၀၀၀ ကီလိုမီတာလောက်အထိ နယ်နိမိတ်ထိစပ်နေပြီး အများစုက နယ်မြေသေချာ ပိုင်းခြားထားခြင်း မရှိပါဘူး။

တရုတ်က အရူနာချယ်လ်ပရာဒစ်ရှ်ကို တိဘက်တောင်ပိုင်းနယ်မြေအဖြစ် ပြောဆိုသတ်မှတ်လိုက်ကာ ဒါကိုအိန္ဒိယက ငြင်းဆန်လိုက်ပြီး အရူနာချယ်လ်ပရာဒစ်ရှ်ဟာ အရင်ကတည်းက အိန္ဒိယနယ်မြေ ဖြစ်ခဲ့တယ်လို့ ဆိုလိုက်ပါတယ်။

အရူနာချယ်လ်ပရာဒစ်ရှ်နဲ့ ပတ်သက်ပြီး တရုတ်က ပိုင်ဆိုင်တယ်လို့ မဟုတ်မမှန် ဆိုနေကြောင်း၊ ထိုနယ်စပ်က အိန္ဒိယကနေ ခွဲထုတ်လို့မရတဲ့ တစ်သားတည်းနယ်မြေအဖြစ် အမြဲတမ်းရှိနေခဲ့ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။

၂၀၂၀ ခုနှစ်က ဟိမဝန္တာအနောက်ဘက် နယ်စပ်တလျှောက် တိုက်ပွဲများဖြစ်ပွားခဲ့ရာ အနည်းဆုံး အိန္ဒိယစစ်သား အယောက် ၂၀ နဲ့ တရုတ်စစ်သား ၄ ယောက် သေဆုံးခဲ့ပါတယ်။

ထိုတိုက်ပွဲများနောက်ပိုင်း နယ်စပ်တလျှောက်မှာ နှစ်နိုင်ငံစစ်တပ်မှ နေရာအခိုင်အမာချထားပြီး တပ်သားများ လက်နက်များ ပိုမိုဖြန့်ကျက်ထားခဲ့ပါတယ်။

ယင်းတို့နှစ်နိုင်ငံဟာ ၁၉၆၂ ခုနှစ်က နယ်စပ်တိုက်ပွဲ ဖြစ်ပွားခဲ့ပါသေးတယ်။

လတ်တလောနှစ်တွေမှာ အာရှနဲ့ အင်ဒိုပစိဖိတ်ဒေသတွေမှာ တရုတ်လွှမ်းမိုးမှု မြင့်မားလာတာကို တုန့်ပြန်တဲ့အနေဖြင့် အမေရိကန်နဲ့ အိန္ဒိယတို့ နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်လာတယ်လို့ သုံးသပ်ရပါတယ်။

အမေရိကန်နဲ့ တရုတ်တို့ဟာ ကုန်သွယ်ရေးအခွန်၊ ကိုဗစ်ကပ်ရောဂါ မူရင်းဇာစ်မြစ်၊ လူ့အခွင့်အရေး၊ ထိုင်ဝမ်အရေး၊ ဟောင်ကောင်ရှိ တရုတ်အမျိုးသားလုံခြုံရေး ဥပဒေတို့နဲ့ ပတ်သက်ပြီး ဆက်ဆံရေးတင်းမာနေတာ နှစ်တွေကြာနေပြီ ဖြစ်ပါတယ်။
Source: Reuters
#World_News
#Published_ 21 March 2024
#YMG_News #Yangon_Times #Yangon_Media_Group