Published 20 March 2024

မြောက်ကိုရီးယားနိုင်ငံရဲ့ ကာကွယ်ရေးစွမ်းရည် ဖွံ့ဖြိုးရေး အစီအစဥ် တစ်စိတ်တစ်ပိုင်းအဖြစ် တာလတ်ပစ် အသံထက်မြန်ဒုံးကျည် အမျိုးအစားသစ်အတွက် အစိုင်အခဲလောင်စာသုံးအင်ဂျင် မြေပြင်စမ်းသပ်မှုကို ခေါင်းဆောင် ကင်မ်ဂျုံအန်းက ကြီးကြပ်ညွှန်ကြားခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ဗုဒ္ဓဟူးနေ့မှာ ဖော်ပြလိုက်ပါတယ်။

အင်္ဂါနေ့ နံနက်ပိုင်းနဲ့ မွန်းလွဲပိုင်းတို့မှာ အနောက်ဘက် ကမ်းရိုးတန်းအနီး ဆိုဟေးဂြိုဟ်တုလွှတ်တင်ရေး စခန်းကြီးကနေ စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။

စမ်းသပ်မှု အကြီးအကျယ် အောင်မြင်တဲ့အတွက် အသံထက်မြန် တာလတ်ပစ်ပဲ့ထိန်းဒုံးကျည်အသစ် ထုတ်လုပ်မှုပြီးမြောက်ခြင်း အချိန်ဇယားအရ စီမံကိန်းရှေ့ဆက်နိုင်မှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

မြောက်ကိုရီးယားဟာ ဇန်နဝါရီလကလည်း အစိုင်အခဲလောင်စာသုံးအင်ဂျင် အသစ်တစ်မျိုးကို အသုံးပြုကာ တာလတ်ပစ် အသံထက်မြန်ဒုံးကျည်နဲ့ ပဲ့ထိန်းနိုင်တဲ့ ထိပ်ဖူးပစ်ခတ်ပုံတို့ကို စမ်းသပ်ခဲ့ပါသေးတယ်။

KCNA က အင်ဂျင်ရဲ့ အသေးစိတ်အချက်အလက်တွေနဲ့ စမ်းသပ်ပုံ နည်းပညာသဘောသဘာဝကိုတော့ မဖော်ပြထားပါဘူး။

တိုင်းပြည်လုံခြုံရေးနဲ့ မြောက်ကိုရီးယား တပ်မတော် လိုအပ်ချက်အရ ထိုလက်နက်စနစ်ရဲ့ စစ်ရေးဗျူဟာမြောက်တန်ဖိုးဟာ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်လောက်ကို ကြီးမားတယ်ဆိုတာ လက်ခံရမှာဖြစ်ပြီး ရန်သူတွေဆိုရင် ဒီအကြောင်းကို ပိုပြီးသဘောပေါက်မှာဖြစ်ကြောင်း ကင်မ်ဂျုံအန်းက ဆိုလိုက်ပါတယ်။
Source: Reuters
#World_News
#Published_ 20 March 2024
#YMG_News #Yangon_Times #Yangon_Media_Group