Published 19 March 2024

အမေရိကန်က ယူကရိန်းကို ဆက်လက်ပြီး လက်နက်ထောက်ပံ့ရန် ငွေကြေးပြတ်လပ်နေပြီး ကွန်ဂရက်လွှတ်တော်ကလည်း ထောက်ပံ့ငွေပြန်လည်ဖြည့်တင်းပေးဖို့ အရိပ်အယောင် သိပ်မမြင်ရပေမယ့် သမ္မတဂျိုးဘိုင်ဒင်ရဲ့ အစိုးရအဖွဲ့ဟာ ယူကရိန်းကို ထောက်ပံ့ရန် သန္နိဌာန်ချထားဆဲ ဖြစ်ကြောင်း ဥရောပမဟာမိတ်များ ယုံကြည်လာစေရန်အတွက် အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။

ရီပတ်ဘလစ်ကန် အောက်လွှတ်တော်ဥက္ကဌ မိုက်ခ်ဂျွန်ဆန်က ယူကရိန်းအတွက် ဒေါ်လာ ၆၀ ဘီလီယံကျော် ထောက်ပံ့သွားမယ့် မူကြမ်းတစ်ခုကို မဲဆန္ဒပေးဆုံးဖြတ်ဖို့ ယခုထက်ထိ ငြင်းဆန်နေပြီး အိမ်ဖြူတော်ကတော့ ယူကရိန်းကို အထောက်အပံ့များ ပေးပို့နိုင်ရန် နည်းလမ်းများ အသည်းအသန် ရှာဖွေနေပါတယ်။

ဂျာမနီနိုင်ငံ ရမ်စတိန်းလေတပ် အခြေစိုက်စခန်းမှာ ကျင်းပတဲ့ ယူကရိန်းကာကွယ်ဆက်သွယ်ရေးအဖွဲ့ (UDCG)လို့ခေါ်တဲ့ လစဉ်အစည်းအဝေးပွဲကို အော်စတင်က ဦးဆောင်သွားမှာ ဖြစ်ပြီး ယူကရိန်းကို စစ်ရေးကူညီနေတဲ့ မဟာမိတ် ၅၀ လောက်ပါဝင်ပါတယ်။

အော်စတင်ဟာ ဆီးကျိတ်ကင်ဆာ ကုသမှုခံယူပြီးနောက်ပိုင်း ပထမဆုံးနိုင်ငံခြားခရီးစဉ် ထွက်နေတာဖြစ်ပြီး အမေရိကန်က ယူကရိန်းကိုကူညီရန် ကတိပြုဆုံးဖြတ်ထားဆဲ ဆိုတာကို အလေးပေးပြောဆိုသွားမှာ ဖြစ်တယ်လို့ ပင်တဂွန်က ဆိုပါတယ်။

ငွေကြေးထောက်ပံ့မှု ပြတ်လပ်လာခြင်းက ယူကရိန်း စစ်မြေပြင် အခြေအနေအပေါ် သက်ရောက်နေပြီးဖြစ်ကာ ယူကရိန်းတပ်တွေက ရှားပါးရင်းမြစ်များကို စီမံထိန်းချုပ်သုံးစွဲနေရပါတယ်။

အမေရိကန် အရာရှိတွေက နောက်ထပ်ပမာဏအချို့ကို ရှာပေးနိုင်ဖွယ်ရှိပေမယ့် ကွန်ဂရက်မှ အတည်မပြုသေးတဲ့ ပမာဏကို အစားထိုးရန်အတွက်တော့ မလုံလောက်ဘူးလို့ ဆိုကြပါတယ်။

ယူကရိန်းကို ကာလကြာမြင့်စွာ ဘဏ္ဍာရေး၊ စစ်ရေး၊ စီးပွားရေး ထောက်ပံ့သွားမယ်ဆိုတဲ့ စကားက အမေရိကန်လွှတ်တော်မှာ တကယ်လက်တွေ့ ဖြစ်ပျက်နေတာတွေကြောင့် အရာမရောက်ဘူးလို့ အမေရိကန်ရှိ အတ္တလန္တိတ်ကောင်စီ ဥရောပစင်တာမှ ရေချယ်ရစ်ဇိုက ပြောပြသွားပါတယ်။

ဘိုင်ဒင်တို့က ကွန်ဂရက်ကနေ ယူကရိန်းထောက်ပံ့ရေးကြီး အတည်မပြုနိုင်ဘဲ ဖြစ်နေသလို နိုင်ငံခြားရေးဝါဒ စွမ်းအားအများစုကိုလည်း ဂါဇာစစ်ပွဲအပေါ် အရေးစိုက်နေတာကြောင့် ဥရောပထောက်ပံ့မှုက အချက်အခြာ ကျလာပါတယ်။

ဒါပေမဲ့ အမေရိကန် အကူအညီမပါဘဲ ဥရောပထောက်ပံ့မှု သပ်သပ်ဖြင့် ရုရှားတပ်တွေကို ယူကရိန်း တွန်းလှန်နိုင်မှာ မဟုတ်ဘူးဆိုတဲ့ အမှန်တရားရှိနေကြောင်း အမေရိကန်အရာရှိများက ပြောပါတယ်။

ရုရှားက မေလနှောင်းပိုင်းလောက်က စတင်ပြီး ယူကရိန်းကို နောက်ထပ်ထိုးစစ်ဆင်ရန် ပြင်ဆင်နေတယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာဇယ်လန်စကီက ပြောလိုက်ပါတယ်။
Source: Reuters
#World_News
#Published_ 19 March 2024
#YMG_News #Yangon_Times #Yangon_Media_Group