#WorldHealth

Published -1 Dec 2021

မိုဒါနာကုမ္ပဏီမှ ဆေးဝါးအရာရှိချုပ် ပေါလ်ဘာတန်က ကိုရိုနာဗိုင်းရပ်စ်မျိုးဗီဇကွဲအသစ်ဖြစ်တဲ့ အိုမီခရွန်ဟာ အခုလက်ရှိအသုံးပြုနေတဲ့ ကာကွယ်ဆေးတွေနဲ့ ကာကွယ်လို့မရနိုင်ကြောင်း ယူဆလျက်ရှိပြီး အိုမီခရွန်အတွက် ဖော်ထုတ်မယ့်ကာကွယ်ဆေးကို နှစ်ကုန်အပြီးမှာ ရရှိနိုင်လောက်မှာဖြစ်ကြောင်း ဆိုပါတယ်။

"နောက် ၁ ပတ် ၂ ပတ်အတွင်း လက်ရှိကာကွယ်ဆေးတွေ ဘယ်လောက်အထိ သက်ရောက်မှုရှိမှာလဲဆိုတာကို သိထားဖို့လိုပါတယ်။ ကာကွယ်ဆေးအသစ်ထုတ်မယ်ဆိုရင် ၂၀၂၂ အစောပိုင်းလောက် ရရှိနိုင်မှာဖြစ်ပါတယ်။ မိုဒါနာရဲ့ mRNA ကာကွယ်ဆေးထုတ်လုပ်ရေးရဲ့ အားသာချက်က အလွယ်တကူအပြောင်းအလဲလုပ်ပြီး ထုတ်လုပ်လို့ရတာပါပဲ"လို့ ဒေါက်တာဘာတန်က နိုဝင်ဘာ ၂၈ ရက်နေ့မှာ ပြောကြားသွားပါတယ်။

အိုမီခရွန်မျိုးဗီဇကွဲ ပျံ့နှံ့နေကြောင်း သတင်းတွေထွက်ပေါ်လာပြီးနောက် ကိန်းဘရစ်ဂ်ျမှာရှိတဲ့ မိုဒါနာကုမ္ပဏီက ပြီးခဲ့တဲ့ကြာသပတေးနေ့မှာ ဝန်ထမ်းပေါင်းရာကျော်ကို စုဝေးခိုင်းခဲ့ပါတယ်။

ကာကွယ်ဆေးကို ဘယ်အချိန်ကထိုးခဲ့တာပဲဖြစ်ဖြစ် လက်ရှိအချိန်မှာ ရောဂါကာကွယ်နိုင်စွမ်းရှိနေသင့်ကြောင်း၊ အခုအချိန်မှာ လက်ရှိကိုဗစ်ကာကွယ်ဆေးတွေထဲက တစ်မျိုးမျိုးကို ထိုးနှံထားဖို့က အကောင်းဆုံးဖြစ်ကြောင်း ဒေါက်တာဘာတန်က အကြံပြုထားပါတယ်။

"ကိုဗစ်ကာကွယ်ဆေးမထိုးရသေးလို့ ဘယ်လိုလုပ်ရမလဲဝေခွဲမရဖြစ်နေရင် ကာကွယ်ဆေးသာထိုးလိုက်ပါ။ ဒီမျိုးဗီဇကွဲက အန္တရာယ်များမယ့်ပုံပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ကလည်း ခုခံကာကွယ်ဖို့ အသင့်ပါပဲ"လို့ ပြောကြားသွားပါတယ်။

အိုမီခရွန်မျိုးဗီဇကွဲ တွေ့ရှိမှုကြောင့် တောင်အာဖရိကမှ ဝင်ရောက်လာသူများကို နိုင်ငံအများစုက တားမြစ်ထားကြပါတယ်။ကမ္ဘာ့မြောက်ပိုင်းနေရာတွေမှာ ဆောင်းရာသီအတွင်း ကိုဗစ်ကူးစက်မှုးပိုဆိုးလာမှာကို စိုးရိမ်ပူပန်နေကြပါတယ်။ကမ္ဘာတဝန်းစီးပွားရေး ပြန်လည်ထူထောင်ရေးတွေမှာလည်း နှောင့်နှေးမှုတွေဖြစ်လာပါတယ်။

အိုမီခရွန်မျိုးဗီဇကွဲကို ကာကွယ်ဖို့အတွက် လက်ရှိကာကွယ်ဆေးကို စမ်းသပ်လျက်ရှိနေပြီး booster အားမြှင့်ကာကွယ်ဆေး ၂ မျိုးကိုလည်း လေ့လာနေကြောင်း မိုဒါနာက သောကြာနေ့မှာ ပြောကြားထားပါတယ်။

"၂၀၂၁ အစောပိုင်းကတည်းက မိုဒါနာဟာ မျိုးဗီဇကွဲအသစ်တွေ ပေါ်ပေါက်လာမှာကို ခန့်မှန်းမိပြီး ကြိုတင်ပြင်ဆင်ထုတ်လုပ်နေခဲ့ပါတယ်။ စမ်းသပ်ချက်အသစ်တွေကို ရက် ၆၀ မှ ၉၉ ရက်အတွင်း အကြိမ်ကြိမ်စမ်းသပ်ဖော်ထုတ်နေခဲ့ကြပါတယ်"လို့ မိုဒါနာကုမ္ပဏီက ဆိုပါတယ်။

Source: The Strait Times