#World_News
Published 14 March 2024


နေတိုး(NATO) မဟာမိတ်အဖွဲ့ထဲသို့ ဝင်ရောက်ပူးပေါင်းလိုက်ပြီဖြစ်တဲ့ ဖင်လန်နိုင်ငံနယ်စပ်အနီးမှာ တပ်ဖွဲ့များနဲ့ တိုက်ခိုက်ရေးစနစ်များ ဖြန့်ကျက်ထားရှိသွားမယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ဗုဒ္ဓဟူးနေ့မှာ အခိုင်အမာပြောကြားလိုက်ကြောင်း အယ်လ်ဂျာဇီရာသတင်းဌာနက ဖော်ပြသွားပါတယ်။

 

ဆွီဒင်နဲ့ ဖင်လန်တို့အနေဖြင့် နေတိုးအဖွဲ့ထဲ ဝင်ရောက်ပူးပေါင်းတာဟာ ယင်းတို့အကျိုးစီးပွားရှုထောင့်အရ ကြည့်မယ်ဆိုရင် လုံးဝအဓိပ္ပာယ်မရှိတဲ့ ခြေလှမ်းတစ်ခုသာဖြစ်ပြီး ဖင်လန်နယ်စပ်အနီးမှာ ရုရှားတပ်သားများနဲ့ တိုက်ခိုက်ဖျက်ဆီးရေး စနစ်များ နေရာချသွားမယ်လို့ ပူတင်က ရုရှားနိုင်ငံသတင်းဌာန RIA နဲ့ ရိုစီယာ-၁ ရုပ်သံဌာန အင်တာဗျူးတို့မှာ ပြောကြားသွားပါတယ်။

 

ယခင်က ထိုနယ်စပ်မှာ တပ်သားတွေ၊ တိုက်ခိုက်ရေးစနစ်တွေ မရှိခဲ့ပေမယ့် အခုတော့ ဖြန့်ကျက်သွားတော့မယ်လို့ ပြောဆိုခဲ့ပါတယ်။

 

ကာလကြာရှည်စွာ ကြားနေရပ်တည်ခဲ့တဲ့ ဆွီဒင်က လွန်ခဲ့တဲ့ ၂ နှစ်ကျော် ယူကရိန်းကို ရုရှားကျူးကျော်တိုက်ခိုက်ပြီးနောက်မှာတော့ နေတိုးအဖွဲ့ထဲသို့ ကြာသပတေးနေ့မှာ ဝင်ရောက်ခဲ့ပြီး ယခုနောက်ဆုံး အဖွဲ့ဝင်အသစ် ဖြစ်လာပါတယ်။

 

ဆွီဒင်နိုင်ငံဟာ သဘောတူညီချက် စာရွက်စာတမ်း တင်သွင်းခဲ့ပြီးနောက်မှာ တရားဝင်အဖွဲ့ဝင် ဖြစ်လာခဲ့ပါတယ်။


အခုဆိုရင် ဆွီဒင်ဟာ နေတိုးမဟာမိတ်အဖွဲ့ရဲ့ ပိုဒ်ခွဲနံပါတ် ၅ မှာအကျုံးဝင်နေပြီဖြစ်ပြီး တိုက်ခိုက်မှုတစ်ခုခု ခံရပါက အဖွဲ့ဝင်အားလုံး အချင်းချင်းကာကွယ်ပေးသွားမှာ ဖြစ်ပါတယ်။

 

တရားဝင်အဖွဲ့ဝင် ထပ်တိုးလာခြင်းကို အောင်ပွဲခံတဲ့အနေဖြင့် ဘရူဆဲလ်မြို့ရှိ နေတိုးမဟာမိတ်ဌာနချုပ်မှာ မတ်လ ၁၁ ရက်နေ့က အလံလွှင့်တင်ပွဲအခမ်းအနား ပြုလုပ်ခဲ့ပါတယ်။

 

ဖင်လန်နိုင်ငံဟာ ယမန်နှစ် ဧပြီ ၄ ရက်နေ့က နေတိုးအဖွဲ့ဝင် ဖြစ်မြောက်ခဲ့တာ ဖြစ်ပါတယ်။

 

ဆွီဒင်နဲ့ ဖင်လန်တို့ ပါဝင်လာခြင်းကြောင့် နေတိုးအဖွဲ့ကြီးဟာ ဘော်လ်တိတ်ပင်လယ်တစ်ခုလုံးနီးပါး ထိန်းချုပ်ထားပြီ ဖြစ်ပါတယ်။

 

ဆွီဒင်နိုင်ငံမှာ လက်နက်ထုတ်လုပ်ရေး အများအပြားနဲ့ သေချာပြင်ဆင်ထားတဲ့ စစ်တပ်ရှိနေပါတယ်။

 

ယခုနှစ် ကာကွယ်ရေးအတွက် တိုင်းပြည် GDP ရဲ့ ၂.၁ ရာခိုင်နှုန်းကို သုံးစွဲသွားရန် ရည်မှန်းထားပြီး ၂၀၂၀ ခုနှစ်ကထက် ၂ ဆပိုများတဲ့ ပမာဏဖြစ်ပါတယ်။



#World_News #ဖင်လန်နိုင်ငံနယ်စပ်အနီး #ရုရှားတပ်များနှင့်တိုက်ခိုက်ရေးစနစ် #Source: NDTV