#World_Health
Published 05 March 2024


ကမ္ဘာတဝှမ်းက ကလေးတွေကြားမှာ နားကြပ်ကိရိယာ တပ်ဆင်လာကြတာ ခေတ်စားလာပေမယ့် ထိုကဲ့သို့ပစ္စည်းတွေဟာ အကြားအာရုံကို ထိခိုက်စေပါတယ်။

 

လူငယ်တွေကြား အသံနားကြပ် အသုံးပြုခြင်း များပြားလာတာဟာ စိုးရိမ်စရာဖြစ်လာပြီး ပိုမိုဆူညံပြင်းထန်တဲ့ အသံတွေ နားထောင်နေကြရပါတယ်လို့ မီချီဂန်တက္ကသိုလ်ဆေးရုံမှ ဒေါက်တာ ဆူဆန်ဝူးလ်ဖို့ဒ်က ဆိုပါတယ်။

 

ကလေးတွေက နားကြပ်ကို နေအိမ်၊ ကျောင်း၊ ကားပေါ်တို့မှာ အများဆုံးအသုံးပြုကြပြီး နားကြပ်အသုံးပြုခြင်းဟာ ကလေးတွေကို ကျေနပ်မိစေတယ်လို့ မိဘတဝက်လောက်က လက်ခံနေကြပါတယ်။

 

ဒါကြောင့် ကလေးတွေနဲ့ ဆယ်ကျော်သက်တွေဟာ အသံနားကြပ်ကြောင့် ဆူညံသံတွေ ပိုမိုနားထောင်မိနေကြတယ်လို့ အမေရိကန် ကလေးကျန်းမာရေး အကယ်ဒမီက ယမန်နှစ်က ထုတ်ပြန်ထားပါတယ်။

 

ဆူညံသံအကျယ်ကြီးတွေကို ကြာရှည်ထိတွေ့နေတာဟာ အကြားအာရုံပြဿနာ ဖြစ်နိုင်ပြီး အထူးသဖြင့် ကလေးတွေမှာ အကြားအာရုံစနစ် ဖွံ့ဖြိုးဆဲဖြစ်တာကြောင့် ပိုမိုထိခိုက်လွယ်ကြောင်း ဖော်ပြထားပါတယ်။

 

ကလေးတွေမှာ ဆူညံသံတွေ ဖုံးလွှမ်းနေပါက သူတို့ရဲ့ အိပ်စက်မှု၊ ပညာသင်ယူမှု၊ ဘာသာစကား၊ ဖိစီးမှု၊ သွေးပေါင်ချိန်တို့ကို သက်ရောက်စေပြီး မိဘတဝက်လောက်ကသာ ကလေးတွေ နားကြပ်အသုံးပြုချိန် ကန့်သတ်လျှော့ချတာမျိုးကို တိုက်တွန်းကြပါတယ်။

 

ကလေးတွေမှာ ဆူညံသံထိတွေ့မှုကို လျှော့ချနိုင်ရန်အတွက် နားကြပ်ထဲက အသံကျယ်လောင်မှုနဲ့ အသုံးပြုချိန်တို့ကို စောင့်ကြည့်ကြပ်မတ်ပြီး ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ဂရုစိုက်ရမှာ ဖြစ်ပါတယ်။

 

တစ်နေ့ကို နားကြပ်အသုံးပြုချိန် မိနစ် ၆၀ ထက်မပိုဘဲ အသံကျယ်လောင်မှုကိုလည်း ၆၀ ရာခိုင်နှုန်းထက်မများအောင် ကန့်သတ်ထားရှိသင့်ပါတယ်။

 

ဆူညံသံမကြားရစေတဲ့ နားကြပ်ပစ္စည်းတွေက အသံအရမ်းမကျယ်မိစေရန် အထောက်အကူဖြစ်ပေမယ့် ပတ်ဝန်းကျင်က အသံတွေကို မကြားမိတာမျိုး ဖြစ်တတ်ပါတယ်။

 

ကလေးတွေ အိပ်ပျော်နေတဲ့အချိန်မှာ နားကြပ်ပစ္စည်းတွေ တပ်ဆင်ထားခြင်းမရှိအောင် မိဘများက ဂရုစိုက်ပေးသင့်ပါတယ်။

 

မိမိတို့ရဲ့ကလေးတွေ အကြားအာရုံချွတ်ယွင်းနေတယ်လို့ ယူဆပါက ကလေးဆရာဝန်၊ နားဆရာဝန်တို့ထံ သွားရောက်စစ်ဆေးသင့်ပါတယ်။

 

အကြားအာရုံချွတ်ယွင်းခြင်း လက္ခဏာများကတော့ ထပ်ခါထပ်ခါ မေးခြင်း၊ တုန်ခါသံများကြားနေရခြင်း၊ အနီးနားရှိ လူများကိုကျယ်လောင်စွာ ပြောဆိုခြင်း၊ စကားပြောရာတွင် နှောင့်နှေးနေခြင်း၊ ကျယ်လောင်သောအသံကို တုန့်ပြန်မှု မရှိခြင်းတို့ ပါဝင်နေပါတယ်။

 

#World_Health #နားကြပ်ကိရိယာ #အကြားအာရုံကိုထိခိုက်စေနိုင် #Source: The Jerusalem Post