#World_News
Published 27 February 2024


ကာတာနိုင်ငံမှာ စစ်ပွဲအပစ်အခတ် ရပ်စဲရေး ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေရာ အစ္စရေးလ်နဲ့ ဟားမတ်စ်တို့ဘက်က သဘောတူညီမှုရရန် နီးစပ်တဲ့ အခြေအနေ မြင်တွေ့နေရတာကြောင့် လာမယ့် တနင်္လာနေ့ကစပြီး ဂါဇာမှာ အပစ်အခတ် ရပ်စဲတော့မယ်လို့ မျှော်လင့်ရကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။

 

လာမယ့်ရက်ပိုင်းအတွင်း ရက်သတ္တပတ် အကူးအပြောင်းလောက်မှာ အပစ်အခတ် ရပ်စဲရေး စတင်ရန်မျှော်လင့်နေတယ်လို့ ဘိုင်ဒင်က ပြောပြပါတယ်။

 

မတ်လ ၁၀ ရက်နေ့ မွတ်ဆလင်ဥပုသ်လ စတင်တဲ့နေ့အမီ ဓားစာခံလွှတ်ပေးရေး သဘောတူညီချက်ရရှိရန် အမေရိကန်မှ စေ့စပ်ညှိနှိုင်းသူများ အသည်းအသန် အားထုတ်နေကြကြောင်း အမေရိကန် အရာရှိတစ်ဦးက ဆိုလိုက်ပါတယ်။


အများအမြင်မှာတော့ အစ္စရေးလ်နဲ့ ဟားမတ်တို့ဟာ ငြိမ်းချမ်းရေးယူဖို့ နေနေသာသာ တစ်ဖက်နဲ့တစ်ဖက် အပြစ်တင်နေကြပါတယ်။

 

ဟားမတ်စ်အကြီးအကဲ အစ္စမေးလ်ဟာနီယဲက ကာတာအာရပ်မင်းသား ရှိတ်ခ်တာမင်ဘင်ဟာမက်အယ်ထာနီနဲ့ တွေ့ဆုံကာ ယင်းတို့က စစ်ပွဲအဆုံးသတ်ရန် ကြိုးပမ်းနေကြပြီး ဂါဇာဒေသခံတွေ သေဆုံးခြင်းအတွက် အစ္စရေးလ်ကို စွပ်စွဲလိုက်ပါတယ်။

 

ရာဇဝတ်မှုကို ဖုံးကွယ်ဖို့ ရန်သူတွေ ညှိနှိုင်းရေးကို အသုံးချတာမျိုး အဖြစ်မခံနိုင်ဘူးလို့ ဆိုလိုက်ပါတယ်။

 

အစ္စရေးလ်ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟူ ပြောကြားရာမှာတော့ အစ္စရေးလ်က သဘောတူညီချက်ယူဖို့ အသင့်ဖြစ်နေကြောင်း၊ ကျန်တာက ဟားမတ်စ်တို့အပေါ်သာ မူတည်ကြောင်း ဆိုပါတယ်။

 

ဂါဇာကမ်းမြောင်မှာ ချက်ချင်းအပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ရရှိရန် ကြားဝင်စေ့စပ်ပေးနေတဲ့ ကာတာရဲ့ အားထုတ်မှုတွေကို အယ်ထာနီနဲ့ ဟားမတ်စ်အကြီးအကဲတို့ ဆွေးနွေးခဲ့ကြတယ်လို့ ကာတာဘက်က ဖော်ပြခဲ့ပါတယ်။


ညှိနှိုင်းရေးအတွက် အထောက်အပံ့ဖြစ်စေရန် အစ္စရေးလ်ကိုယ်စားလှယ်အဖွဲ့က ကာတာသို့ ပျံသန်းလာကြတယ်လို့ သတင်းရင်းမြစ်တစ်ခုက ဆိုပါတယ်။

 

အစ္စရေးလ်တို့က ဟားမတ်စ်တို့ကို အမြစ်မကျန် သုတ်သင်ပြီးမှ စစ်ပွဲအဆုံးသတ်မယ်လို့ အများရှေ့မှာ ဆက်လက်ပြောကြားနေပြီး ဟားမတ်စ်တို့ကလည်း စစ်ပွဲအဆုံးသတ်ရေး သဘောတူညီမှု မရဘူးဆိုရင် ဓားစာခံတွေ လွှတ်ပေးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

 

အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ဆိုတာက တိုက်ခိုက်မှု အဆုံးသတ်ခြင်း၊ သိမ်းပိုက်ထားရာမှ ဆုတ်ခွာခြင်း၊ စစ်ဘေးရှောင်များ ပြန်လည်ရောက်ရှိလာခြင်း၊ အကူအညီများ ဝင်ရောက်လာခြင်းနဲ့ ပြန်လည်ဆောက်လုပ်ခြင်းတို့ ပါဝင်ကြောင်း ဟားမတ်စ်အကြီးတန်းအရာရှိ ဆမ်မီအဘူဇူရီက ရိုက်တာသတင်းဌာနကို ပြောကြားလိုက်ပါတယ်။


ရာဖာမြို့ကို တိုက်ခိုက်ရန် ခြိမ်းခြောက်နေတာကို ရပ်တန့်ပြီး ငြိမ်းချမ်းရေး သဘောတူညီမှုရယူရန် အမေရိကန်က အစ္စရေးလ်ကို ဖိအားပေးနေပါတယ်။

 

#World_News #အစ္စရေးလ်နှင့်ဟားမတ်စ် #အပစ်အခတ်ရပ်စဲရန်ဘိုင်ဒင်မျှော်လင့် #Source: Reuters