#World_News
Published 16 February 2024


အစ္စရေးလ်တပ်တွေက ဂါဇာရှိ အကြီးမားဆုံး လည်ပတ်နေတဲ့ဆေးရုံကို ဝင်ရောက်စီးနင်းခဲ့ကြောင်း ကြာသပတေးနေ့က ပြောကြားလိုက်ပါတယ်။

 

ဗီဒီယိုရိုက်ကူးချက်များအရ ဖုန်တွေ မီးခိုးတွေပြည့်နေတဲ့ စင်္ကြံမှောင်တွေမှာ သေနတ်ပစ်ခတ်ပုံတွေ၊ ရုန်းရင်းဆန်ခတ်ဖြစ်ပုံတွေ မြင်တွေ့ရပါတယ်။

 

နက်ဆာဆေးရုံကို ဝင်ရောက်စီးနင်းတာဟာ တိတိကျကျဖြင့် ထိန်းချုပ်လုပ်ကိုင်တာဖြစ်ပြီး ဟားမတ်စ်စစ်သွေးကြွတွေက ဆေးရုံထဲမှာ ပုန်းခိုနေကာ ဓားစာခံတွေကို ဖမ်းဆီးထိန်းသိမ်းထားပြီး အချို့အလောင်းတွေကို ရှိနေတယ်လို့ သတင်းရထားခဲ့တာဖြစ်ကြောင်း အစ္စရေးလ်စစ်တပ်က ပြောကြားလိုက်ပါတယ်။

 

ဟားမတ်စ်ဘက်ကတော့ ဒါတွေဟာ အလိမ်အညာတွေ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

 

ဟားမတ်စ်တို့အုပ်စိုးနေတဲ့ ပါလက်စ်တိုင်းနယ်မြေမှ ကျန်းမာရေးအာဏာပိုင်များ ပြောကြားရာမှာ အစ္စရေးလ်တွေက ဆေးရုံဝန်ထမ်းများ၊ လူနာများကို မောင်းထုတ်ကာ ဆေးရုံမှာ ခိုလှုံနေတဲ့ ဆေးဝန်ထမ်းမိသားစုများ လူများကို ထွက်ပြေးရအောင် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

 

ပါလက်စ်တိုင်း ၂၀၀၀ ခန့်ဟာ တောင်ပိုင်းနယ်စပ်ရာဖာမြို့ သို့ ညတွင်းချင်းရောက်ရှိခဲ့ကာ အချို့ကတော့ မြောက်ပိုင်းသို့သွားကာ ဂါဇာအလယ်ပိုင်းရှိ ဒဲအယ်ဘာလာသို့ သွားနေကြတယ်လို့ ဆိုပါတယ်။

 

အောက်တိုဘာ ၇ ရက်နေ့က ဟားမတ်စ်စစ်သွေးကြွများဟာ အစ္စရေးလ်သို့ဝင်ရောက်လာပြီး အရပ်သားအများစု အပါအဝင် ၁၂၀၀ ခန့်ကိုသတ်ဖြတ်ခဲ့ပြီး ၂၃၀ ခန့်ကို ဓားစာခံဖမ်းခေါ်သွားခဲ့ရာ အစ္စရေးလ်က လက်တုန့်ပြန်တဲ့အနေနဲ့ ဂါဇာဘက်ကို တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး လူပေါင်း ၂၈၀၀၀ ကျော်သေဆုံးခဲ့ကာ ၂ သန်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရပါတယ်။

 

ဂါဇာမှာ ဘေးကင်းရဆုံး နောက်ဆုံးနေရာ ရာဖာကို တိုက်ခိုက်မယ်လို့ အစ္စရေးလ်က အခိုင်အမာဆိုထားပြီး နိုင်ငံတကာမှ ကန့်သတ်တိုက်ခိုက်ရန် ဖိအားတွေပေးနေတဲ့အချိန်မှာ အခုလိုဆေးရုံကို တိုက်ခိုက်လာတာ ဖြစ်ပါတယ်။


ဂါဇာမှဆေးဘက်ဆိုင်ရာ အဆောက်အအုံတွေကို တိုက်ခိုက်နေတာတွေဟာ နိုင်ငံတကာမှာ စိုးရိမ်စရာဖြစ်လာရပါတယ်။

 

ပြည်သူများနေထိုင်ရာ အရပ်တွေ ပျက်စီးသွားကာ နေအိမ်များမှ စွန့်ခွာလာရတာကြောင့် ဘေးကင်းမယ်လို့ ထင်ရတဲ့ ဆေးရုံတွေမှာ လာရောက်ခိုလှုံနေကြရတာ ဖြစ်ပါတယ်။

 

ဟားမတ်စ်တို့က ဆေးရုံတွေကို စစ်ရေးအတွက် အသုံးချတယ်လို့ အစ္စရေးလ်က စွပ်စွဲနေကာ ဆေးရုံမြေအောက် လှိုဏ်ခေါင်းတွေကနေ လက်နက်များသယ်ဆောင်တာတွေကို ဗီဒီယိုထုတ်လွှင့်ပြသထားပါတယ်။

 

ထိုစစ်ဆင်ရေးကို အတိအကျ ပြင်ဆင်ထားတာဖြစ်ပြီး အထူးလေ့ကျင့်ထားတဲ့ IDF အထူးတပ်တွေက ဆောင်ရွက်နေတာဖြစ်ကြောင်း အစ္စရေးလ်စစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူ ဒန်နီယယ်ဟာဂရီက ပြောပြသွားပါတယ်။

 

အစ္စရေးလ်က နိုင်ငံတကာအဖွဲ့အစည်းများနဲ့ ပူးပေါင်းကာ ဆေးရုံသို့ ဆေးပစ္စည်းများနဲ့ လောင်စာများ ပို့ဆောင်ရေး စီစဥ်ထားကြောင်း ဆိုလိုက်ပါတယ်။



#World_News #ဂါဇာအဓိကဆေးရုံကြီး #အစ္စရေးလ်ဝင်ရောက်စီးနင်း #Source: Reuters