Published 09 February 2024

ယူကရိန်းသမ္မတ ဗိုလိုဒီမီယာဇယ်လန်စကီက စစ်တပ်တပ်အကြီးအကဲ နေရာမှာ မြေပြင်တပ်ဖွဲ့များရဲ့ ဗိုလ်ချုပ်တပ်မှူးဖြင့် ကြာသပတေးနေ့က အစားထိုးလိုက်ပါတယ်။

ဒါဟာ ၂ နှစ်နီးပါးရှိနေပြီဖြစ်တဲ့ စစ်ပွဲကာလအတွင်း ရုရှားတပ်များ အသာရလာတဲ့အချိန်မှာ အလောင်းအစားကြီးတစ်ခု ပြုလုပ်လိုက်တာပဲ ဖြစ်ပါတယ်။

တိုင်းပြည်သူရဲကောင်းအဖြစ် လူအများက သတ်မှတ်ထားတဲ့ တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်ကြီး ဗယ်လာရီဇာလူဇ်ညီနဲ့ ဇယ်လန်စကီတို့ကြား အဆင်မပြေမှုကို လပေါင်းများစွာ မြင်တွေ့ရပြီးနောက် စစ်တပ်ခေါင်းဆောင်နေရာ လှုပ်ခတ်လာတာ ဖြစ်ပါတယ်။

ယနေ့ကစပြီး ယူကရိန်းလက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ ဦးဆောင်မှုကို အဖွဲ့သစ်က တာဝန်ယူသွားမှာ ဖြစ်တယ်လို့ ဇယ်လန်စကီက ဖော်ပြခဲ့ပါတယ်။

မြေပြင်တပ်ဖွဲ့များရဲ့ ကာနယ်ဗိုလ်ချုပ်မှူးကြီးဖြစ်တဲ့ အသက် ၅၈ နှစ်အရွယ် အိုလက်ဆန်ဒါစီယာစကီကို လက်နက်ကိုင်တပ်ဖွဲ့များရဲ့ အကြီးအကဲအသစ်အဖြစ် ရာထူးတိုးမြှင့်လိုက်တာ ဖြစ်ပါတယ်။

နှင်းကျားသစ်လို့ အမည်ပေးထားတဲ့ စီယာစကီဟာ စစ်ပွဲမရေရာမှုများကြားက စစ်တပ်ကို ဦးဆောင်သွားရမှာဖြစ်ပါတယ်။

ယူကရိန်းဟာ အမေရိကန်ထံမှ စစ်ရေးကူညီမှုကြီးများကို စောင့်ဆိုင်းနေဆဲဖြစ်ပြီး ရီပတ်ဘလစ်ကန်တွေကြောင့် အမေရိကန်လွှတ်တော်မှာ လနဲ့ချီအောင် နှောင့်နှေးနေရပါတယ်။

စစ်တပ်အကြီးအကဲနေရာ အစားထိုးခြင်းဟာ ယင်းတို့ရဲ့ အချုပ်အခြာအာဏာ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။

အမေရိကန်ဟာ ဗိုလ်ချုပ်ကြီး စီယာစကီနဲ့ ထိရောက်စွာလုပ်ကိုင်သွားမယ်လို့ ပင်တဂွန်က ပြောကြားလိုက်ပါတယ်။

ဇာလူဇ်ညီကို ရာထူးမှဖယ်ရှားလိုက်တာဟာ ၁၀၀၀ ကီလိုမီတာ ရှေ့တန်းရှိ တပ်သားတွေရဲ့ စိတ်ဓာတ်ခွန်အားကို ထိခိုက်စေနိုင်ကာ နိုင်ငံရေးအရ သစ္စာဖောက်မှုတွေ ပေါ်ပေါက်လာနိုင်သလို ဇယ်လန်စကီရဲ့ နာမည်လည်း ထိခိုက်စေနိုင်ပါတယ်။

စစ်တပ်အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဇာလူဇ်ညီကို ကျေးဇူးတင်ရှိပါကြောင်း ဇယ်လန်စကီက ပြောကြားခဲ့ကာ နှစ်ဦးသား လက်ဆွဲနှုတ်ဆက်နေပုံကို ဖော်ပြခဲ့ပါတယ်။

ဇာလူဇ်ညီလက်ထက်မှာ ရုရှားတို့ရဲ့ အစောပိုင်းတိုက်ခိုက်မှုတွေကို ယူကရိန်းတပ်များက ခုခံနိုင်ခဲ့ပြီး နယ်မြေအချို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်က ရုရှားရဲ့ ခိုင်မာတဲ့ခံစစ်ကို မထိုးဖောက်နိုင်ဘဲ စစ်မြေပြင်အခြေအနေက ပြောင်းလဲသွားခဲ့ပါတယ်။

၂၀၂၂ ခုနှစ်ရဲ့ တာဝန်ဝတ္တရားတွေနဲ့ ၂၀၂၄ ခုနှစ်ရဲ့ တာဝန်ဝတ္တရားတွေက ကွာခြားသွားပြီဖြစ်ကြောင်း၊ လူတိုင်းက ပြောင်းလဲမှုကို လက်ခံနိုင်ရမှာဖြစ်ကြောင်း ဇယ်လန်စကီက ဖော်ပြသွားပါတယ်။
Source: Reuters
#World_Military
#Published_ 9 February 2024
#YMG_News #Yangon_Times #Yangon_Media_Group