#World_News
Published 07 February 2024


အမေရိကန် ကန်းထရီးဂီတကြယ်ပွင့် တိုဘီကိသ်ဟာ ဖေဖော်ဝါရီ ၅ ရက်နေ့မှာ အသက် ၆၂ နှစ်အရွယ်ဖြင့် ကွယ်လွန်သွားပြီဖြစ်ကြောင်း သူ့ရဲ့ X ဆိုရှယ်မီဒီယာအကောင့်မှာ ဖော်ပြထားပါတယ်။

 

သူ့မှာ အစာအိမ်ကင်ဆာ ဖြစ်နေတယ်လို့ ကြေညာပြီး ၁၈ လအကြာမှာပဲ အခုလို အသက်ဆုံးပါးသွားတာ ဖြစ်ပါတယ်။

 

ကိသ်ဟာ မိသားစုအခြံအရံဖြင့် ငြိမ်းချမ်းစွာ ကွယ်လွန်သွားကြောင်း၊ ကင်ဆာရောဂါကို သတ္တိရှိရှိ ရင်ဆိုင်သွားခဲ့ကြောင်း အင်္ဂါနေ့က သူ့အကောင့်မှာ ပို့စ်တင်ခဲ့ပါတယ်။

 

ကွယ်လွန်တဲ့သတင်း ထွက်လာပြီးနောက် ကန်းထရီးကြယ်ပွင့်များမှ ချီးကျူးအောက်မေ့စကားများ ထွက်ပေါ်လာပါတယ်။

 

‘’ဒီနေ့က ကန်းထရီးဂီတနဲ့ ပရိသတ်တွေအတွက် ဝမ်းနည်းဖွယ် နေ့တစ်နေ့ဖြစ်ပါတယ်။ တိုဘီက ကန်းထရီးလောကမှာ အရေးပါသူဖြစ်ပြီး အားလုံးကနေ လေးစားအားကျရသူ ဖြစ်ပါတယ်။ တိုဘီနဲ့ သူ့သီချင်းတွေကို အမြဲအမှတ်ရနေကြမှာပါ’’ လို့ ကန်းထရီးအဆိုတော် ဂျေဆန်အယ်လ်ဒင်းက အင်စတာဂရမ်မှာ ဖော်ပြခဲ့ပါတယ်။

 

နာမည်ကျော် အိုးလ်ဒိုမီနီယံ ကန်းထရီးအဖွဲ့က တိုဘီကိသ်ကို ဦးဆောင်လမ်းဖောက်သူ အစစ်အမှန်လို့ ခေါ်ဝေါ်လိုက်ပြီး သူ့သီချင်းတွေက တသက်တာ ရှင်သန်နေမယ်လို့ ရေးသားခဲ့ပါတယ်။

 

တိုဘီကိသ်ဟာ အစာအိမ်ကင်ဆာ မတွေ့ရှိခင် ၆ လအလို ၂၀၂၂ ဇွန်လမှာ အနားယူဖို့ အချိန်လိုအပ်တယ်လို့ ကြေညာခဲ့ပါတယ်။

 

သူဟာ ၁၉၉၃ ခုနှစ်က Should’ve Been a Cowboy ဖြင့် အကျော်ကြားဆုံးဖြစ်ခဲ့ပါတယ်။

 

၁၉၆၁ ခုနှစ်မှာ အိုကလာဟိုမာမှာ မွေးဖွားခဲ့ပြီး ဂီတလမ်းကြောင်း မလျှောက်လှမ်းခင် ဆီစက်မှုလုပ်ငန်းမှာ လုပ်ကိုင်ခဲ့ပါတယ်။

 

တေးအယ်လ်ဘမ်ပေါင်း နှစ်ဒါဇင်ထွက်ရှိခဲ့ကာ Beer For My Horses ၊ Red Solo Cup တို့လို နာမည်ကြီးသီချင်းတွေ ပါဝင်ခဲ့ပါတယ်။

 

စက်တင်ဘာ ၁၁ ရက်နေ့ တိုက်ခိုက်မှုတွေ၊ သူ့အဖေ ကွယ်လွန်ခြင်းတို့နောက်ပိုင်းမှာ His Courtesy Of The Red ၊ White And Blue တို့ဟာ မျိုးချစ်တေးသီချင်းတွေ ဖြစ်လာပါတယ်။

 

ကန်းထရီးဂီတအကယ်ဒမီက ၂၀၀၂ နဲ့ ၂၀၀၃ တို့မှာ ကိသ်ကို အကောင်းဆုံးဖျော်ဖြေရေးဆု ၂ နှစ်ဆက်တိုက် ပေးအပ်ခဲ့ပါတယ်။

 

#World_News #အမေရိကန်ကန်းထရီးအဆိုတော်တိုဘီကိသ် #အစာအိမ်ကင်ဆာဖြင့်ကွယ်လွန် #Source: CNA