Published 24 January 2024

အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA)က ရုရှားထောက်လှမ်းရေး အမှုထမ်းများ ဘက်ပြောင်းချင်လာပြီး အမေရိကန်အတွက် နှစ်ဖက်ချွန်သူလျှိုအဖြစ် လုပ်ကိုင်ပေးချင်လာအောင် အယုံသွင်းဖို့ကြိုးစားတဲ့အနေနဲ့ ရုရှားဘာသာစကားပါ ဗီဒီယိုတစ်ခုကို ထုတ်လွှင့်လိုက်ပါတယ်။

ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်ပြီး ရုရှားအချို့ကြားမှာ မကျေနပ်မှုတွေ ဖြစ်နေတာဟာ သူလျှိုခေါ်ယူရန်အတွက် ရှားရှားပါးပါး အခွင့်အရေးဖြစ်ပြီး ဒါကို CIA က လက်လွတ်ခံမှာမဟုတ်ကြောင်း ညွှန်ကြားရေးမှူး ဝီလီယံဘန်းစ်က ဇူလိုင်လတုန်းက ပြောကြားခဲ့ပါတယ်။

CIA ရဲ့ ဆိုရှယ်မီဒီယာ တရားဝင်ချန်နယ်တွေမှာ ဗီဒီယိုကို ပြသခဲ့တာဖြစ်ပြီး ရုရှားအထက်တန်းစား အသိုင်းအဝိုင်းများကြား အကျင့်ပျက်ခြစားပုံတွေ၊ ရုရှားလက်နက်ကိုင်တပ်တွေ မပြည့်မစုံဖြင့် ထောက်ပံ့ထားပုံတွေကြောင့် စိတ်ပျက်နေရတဲ့ ရုရှားမျိုးချစ်ထောက်လှမ်းရေးတွေကို ရည်ရွယ်ပြသတဲ့သဘော ဖြစ်ပါတယ်။

ဗီဒီယိုထဲက အဓိကဇာတ်ကောင်က အသက် ၃၅ နှစ်အရွယ် ရုရှားစစ်တပ်ထောက်လှမ်းရေး အမှုထမ်းတစ်ဦးဖြစ်ပြီး ရုရှားမျိုးချစ်တစ်ယောက်အဖြစ် သူ့ကိုယ်သူ ခံယူထားကာ လေထီးတပ်သားအဖြစ် အမှုထမ်းခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

ဗီဒီယိုထဲမှာ နိုင်ငံ့ထိပ်သီးခေါင်းဆောင်က နန်းတော်ကြီးတွေ ဇိမ်ခံလှေတွေရရှိဖို့ တိုင်းပြည်ကိုရောင်းစားသွားကြောင်း၊ ထိုအချိန်မှာ စစ်သားတွေက ပုပ်သိုးနေတဲ့ အာလူးတွေ စားသုံးနေရပြီး ခေတ်ဟောင်းက လက်နက်တွေ အသုံးပြုနေရကြောင်း၊ ပြည်သူတွေက အလုပ်ရဖို့ လာဘ်ထိုးနေရကြောင်း ဇာတ်ဆောင်က ပြောကြားထားပြီး ဗီဒီယိုထဲမှာ အရာရှိပိုင်းတွေက ကားအကောင်းစားများ စီးနင်းကာ ခွက်ချင်းတိုက်နေကြပုံတွေ ပြသထားပါတယ်။

သူ့ရဲ့မျိုးချစ်စိတ်ကြောင့်ပဲ CIA နဲ့ လက်တွဲလုပ်ကိုင်ဖို့ ဖြစ်လာပြီး ဗီဒီယိုအဆုံးသတ်ပိုင်းမှာ မိုဘိုင်းဖုန်းဖြင့် CIA ကို ဆက်သွယ်နေပုံကို ဖော်ပြထားပါတယ်။

ရုရှားဘက်ကတော့ ယင်းတို့တပ်မတော်ဟာ ယူကရိန်းမှာ အထူးစစ်ဆင်ရေး အောင်နိုင်ဖို့ လိုအပ်တဲ့ စစ်ရေးကိရိယာတွေ ပြည့်စုံအောင် ထားရှိကြောင်း တုန့်ပြန်လိုက်ပါတယ်။

အကျင့်ပျက်ခြစားတယ်ဆိုတဲ့ စွပ်စွဲချက်တွေက မှားယွင်းတယ်ဆိုပြီး ငြင်းဆန်လိုက်ကာ CIA ရဲ့ဗီဒီယိုကို လျစ်လျူရှုထားပါတယ်။

ဒီလိုအယုံသွင်းတာမျိုးက ဖြစ်လေ့ဖြစ်ထရှိပြီး ကမ္ဘာတဝှမ်းက ထောက်လှမ်းရေးတွေက ဆိုရှယ်မီဒီယာတွေ အသုံးပြုကာ အမှုထမ်းတွေ ခေါ်ယူနေကြကြောင်း၊ CIA ကလည်း ဒီလိုမျိုး အမြဲပြုလုပ်လေ့ရှိကြောင်း ရုရှားအစိုးရမှ ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စ်ကော့ဗ်က အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။

CIA က ဒီဗီဒီယိုကို ဖေ့စ်ဘွတ်ခ်၊ X နဲ့ တယ်လီဂရမ်တို့မှာ ဖြန့်ခဲ့ပါတယ်။

ဖေ့စ်ဘွတ်ခ်နဲ့ X တို့က ရုရှားမှာ ပိတ်ပင်ထားတာဖြစ်ပြီး CIA အနေနဲ့ သက်သက်မဲ့ အချိန်ကုန်နေတယ်လို့ ပက်စ်ကော့ဗ်က ဆိုလိုက်ပါတယ်။
Source: Reuters
#World_News
#Published_ 24 January 2024
#YMG #Yangon_Times #Yangon_Media_Group