Published 30 December 2023

အမေရိကန်ဟာ ပုံမှန်လွှတ်တော်သုံးသပ်ချက် လျှော့ပေါ့ရေး အရေးပေါ် အခြေအနေတစ်ရပ်အဖြစ် ဒေါ်လာ ၁၄၇.၅ သန်းတန်ကြေးရှိ ပေါက်ကွဲအားပြင်းတဲ့ ၁၅၅ မီလီမီတာ အမြောက်ကျည်များနဲ့ ဆက်စပ်ပစ္စည်းများ အစ္စရေးလ်သို့ ရောင်းချခြင်းကို အတည်ပြုရန် ဒီဇင်ဘာ ၂၉ ရက်နေ့က ကြေညာလိုက်ပါတယ်။

ဂါဇာမှာ ဟားမတ်စ်တို့နဲ့ စစ်ဖြစ်နေတဲ့ အစ္စရေးလ်တို့အတွက် ၁၂၀ မီလီမီတာ တင့်ကားကျည် ၁၄,၀၀၀ နီးပါးရောင်းချခြင်းကိုလည်း အတည်ပြုရန် ယခုလအစောပိုင်းက ဆောင်ရွက်ခဲ့ပါတယ်။

အစ္စရေးလ်တို့က ယခင်စစ်လက်နက် ရောင်းချခြင်းအပြင် ၁၅၅ မီလီမီတာ လက်နက်ခဲယမ်းများပါ ရောင်းချပေးရန် တောင်းဆိုခဲ့ရာ စုစုပေါင်းခန့်မှန်း ကုန်ကျစရိတ်က ဒေါ်လာ ၉၆.၅၁ သန်းကနေ ၁၄၇.၅ သန်းအထိ များပြားလာကြောင်း အမေရိကန် ကာကွယ်ရေးနဲ့ လုံခြုံရေးပူးပေါင်းအေဂျင်စီက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကြေညာချက်အရ ကွန်ဂရက်မှ သာမန်အတိုင်း ပြန်လည်သုံးသပ်မှုတွေ လျှော့ပေါ့ပေးရမယ့်် အရေးပေါ်အခြေအနေဖြင့် အစ္စရေးလ်အစိုးရသို့ ချက်ချင်းရောင်းချရန် ဆုံးဖြတ်လိုက်ကြောင်း၊ လက်နက်ခဲယမ်းတွေက အမေရိကန်စစ်တပ် လက်နက်တိုက်မှ ပစ္စည်းဖြစ်ကြောင်း သိရပါတယ်။

မြင့်မားလာမယ့် စစ်ရေးစွမ်းရည်ဖြင့် အစ္စရေးလ်ဟာ ဒေသတွင်း ခြိမ်းခြောက်မှုကို ချေဖျက်ပြီး အမိမြေကာကွယ်ရေးကို တိုးမြှင့်ဆောင်ရွက်လာနိုင်မှာ ဖြစ်ကြောင်း ကြေညာထားပါတယ်။

အောက်တိုဘာ ၇ ရက်နေ့က ပါလက်စ်တိုင်း စစ်သွေးကြွဟားမတ်စ်အဖွဲ့ဟာ နယ်စပ်ဖြတ်ကျော်ပြီး အစ္စရေးလ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် အစ္စရေးလ်-ဟားမတ်စ် စစ်ပွဲဖြစ်ပွားခဲ့ပါတယ်။

ဒီနောက် အမေရိကန်ရဲ့ စစ်ရေးကူညီမှုများဖြင့် အစ္စရေးလ်ဟာ ဂါဇာမှာ စစ်ဆင်ရေးများ ဆောင်ရွက်ခဲ့ပါတယ်။

အစ္စရေးလ်စစ်ဆင်ရေးကြောင့် ဂါဇာမှာ ပျက်စီးဆုံးရှုံးမှုနဲ့ အရပ်သားသေဆုံးမှုပမာဏက နိုင်ငံတကာမှာ ဝေဖန်စရာဖြစ်နေပြီး အစ္စရေးလ်ကို ထောက်ပံ့နေတဲ့ အမေရိကန်ရဲ့ နိုင်ငံတကာဆိုင်ရာ ပုံရိပ်မှာလည်း ကျဆင်းလာပါတယ်။
Source: CNA
Published_30 December 2023
#World_Military
#Yangon_Times #YMG_News #Yangon_Media_Group