Published 16 December 2023

အစ္စရေးလ်စစ်သားတွေဟာ အစ္စရေးလ်ဓားစာခံ ၃ ဦးကို ဘေးအန္တရာယ်ပြုမယ့်သူတွေလို့ မှားယွင်းစွာ ယူဆခဲ့ကာ အသေပစ်သတ်ခဲ့မိတယ်လို့ အစ္စရေးလ်စစ်တပ်က ဒီဇင်ဘာ ၁၆ ရက်နေ့ အစောပိုင်းမှာ ပြောကြားလိုက်ပါတယ်။

‘’ရှီဂျိုင်ယာမှာ တိုက်ခိုက်နေစဥ် အစ္စရေးလ်ကာကွယ်ရေးတပ် (IDF)က အစ္စရေးလ်ဓားစာခံ ၃ ဦးကို အန္တရာယ်ပေးမယ့်သူတွေလို့ မှားယွင်းစွာ ယူဆမိခဲ့ပါတယ်။ ဒီအတွက် ယင်းတို့ကို ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသွားခဲ့ပါတယ်’’ လို့ ထုတ်ပြန်ခဲ့ကာ အလွန်ဝမ်းနည်းကြေကွဲမိပါကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဒီဖြစ်ရပ်ကို IDF က ချက်ချင်းပြန်လည်သုံးသပ်နေပြီး အတွေ့အကြုံယူကာ IDF အဖွဲ့ဝင်အားလုံးသိရှိအောင် ဖြန့်ဝေထားပါတယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၇ ရက်နေ့က ဟားမတ်စ်စစ်သွေးကြွတွေဟာ အစ္စရေးလ်ဘက်ကို ကျူးကျော်ဝင်ရောက်ကာ လူပေါင်း ၁,၂၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး ဓားစာခံ ၂၅၀ ခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

ယခုသေဆုံးသွားတဲ့ ဓားစာခံတွေက ယိုတမ်ဟိုင်းနဲ့ ဆမ်မာအယ်လ်တယ်လာကာတို့ ဖြစ်တယ်လို့ သိရပါတယ်။

ပြင်သစ်-အစ္စရေးလ်လူမျိုး အယ်လီယာတိုလ်ဒါနိုရဲ့ အလောင်းကိုတော့ အစ္စရေးလ်ကို ပြန်ပို့ထားပြီး သူကတော့ ဓားစာခံအဖွဲ့ထဲက မဟုတ်ဘူးလို့ အစ္စရေးလ်စစ်တပ်က သောကြာနေ့ အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။

အစ္စရေးလ်နဲ့ ဟားမတ်စ်တို့ရဲ့ စစ်ပွဲဆက်လက်ပြင်းထန်နေပြီး အစ္စရေးလ်က ဂါဇာကမ်းမြောင်ထံသို့ ထောက်ပံ့ကူညီမှုများကို ပြန်လည်ဖွင့်ပေးခဲ့ပါတယ်။

အရပ်သားများ ကာကွယ်ရေးနဲ့ အပစ်အခတ်ရပ်စဲရေးအတွက် အစ္စရေးလ်ကို နိုင်ငံတကာမှ ဖိအားပေးမှုများ တိုးမြှင့်လာပါတယ်။

အမေရိကန်က အစ္စရေးလ်ကို များစွာထောက်ပံ့ထားပြီး စစ်ရေးအကူအညီအတွက် ဒေါ်လာဘီလီယံချီ ပံ့ပိုးထားကာ အစ္စရေးလ်အနေနဲ့ ကိုယ်ပိုင်ကာကွယ်ခွင့်ရှိတယ်လို့ ထောက်ခံထားပေမယ့် ဂါဇာကမ်းမြောင်မှာ အသေအပျောက်စာရင်း မြင့်တက်နေတာကို အမေရိကန်ထိပ်သီး အရာရှိများက စိုးရိမ်နေကြပါတယ်။

အစ္စရေးလ်အနေနဲ့ အကြမ်းဖက်တိုက်ခိုက်တာတွေကို ရပ်တန့်သင့်တယ်လို့ ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်၊ ဥရောပသမဂ္ဂ၊ ဩစတြေးလျအပါအဝင် အနောက်တိုင်းနိုင်ငံ အများအပြားမှ တောင်းဆိုလိုက်ကြပါတယ်။
Source: WION
#World_News
#Published 16 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group