#World_Health
Published 06 December 2023


ကျန်းမာရေးကောင်းမွန်ရန်အတွက် ဗိုက်တာမင်ဓာတ်များ လုံလောက်စွာ စားသုံးရန် လိုအပ်ပါတယ်။

 

ဆံပင်ကျွတ်ခြင်းလိုမျိုး ကျန်းမာရေးပြဿနာတွေဟာ ဗိုက်တာမင်ချို့တဲ့တဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။

 

ဘယ်ဗိုက်တာမင်တွေ ချို့တဲ့ရင် ဘာကြောင့် ဆံပင်ကျွတ်စေလဲဆိုတာကို ဖော်ပြလိုက်ပါတယ်။


 
(၁) ဗိုက်တာမင် ဒီ

 

ဗိုက်တာမင်ဒီက ဆံပင်မွေးညင်းပေါက်များကို လှုံ့ဆော်ပေးပြီး ဆံပင်ကြီးထွားခြင်းကို အားပေးကာ ချို့တဲ့တဲ့အခါ ဆံပင်ပါးခြင်း၊ ဆံပင်ကျွတ်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။


 
(၂) ဗိုက်တာမင် ဘီ၇ (ဘိုင်အိုတင်)

 

ဆံပင်ရဲ့ ပရိုတိန်းအစိတ်အပိုင်း ကီရာတင်ထုတ်လုပ်ခြင်းကို အားပေးကာ ဘိုင်အိုတင်မလုံလောက်တဲ့အခါ ဆံခြည်မျှင်ကို အားနည်းစေကာ ပြတ်ကျခြင်း ဖြစ်စေနိုင်ပါတယ်။


 
(၃) ဗိုက်တာမင် ဘီ၁၂

 

သွေးနီဥဆဲလ် ထုတ်လုပ်ရာမှာ အရေးပါပြီး ဆံပင်မွေးညင်းပေါက်များဆီ အောက်ဆီဂျင်ကို ပို့ဆောင်ပေးပါတယ်။


ချို့တဲ့တဲ့အခါ ဦးရေပြားဆီ အောက်ဆီဂျင်အရောက်နည်းသွားပြီး ဆံပင်ကျွတ်ခြင်းကို ဖြစ်စေပါတယ်။


 
(၄) ဗိုက်တာမင် စီ

 

ထိုဗိုက်တာမင်က ဆံပင်ကြီးထွားခြင်းနဲ့ တိုက်ရိုက်မသက်ဆိုင်ပေမယ့် ဆံပင်ကိုထောက်ပံ့ပေးတဲ့ ကော်လာဂျင်ထုတ်လုပ်ခြင်းကို အားပေးပြီး ချို့တဲ့တဲ့အခါ ဆံခြည်မျှင်ကို အားနည်းစေပြီး ဆံပင်ပြတ်ကျစေပါတယ်။


 
(၅) ဗိုက်တာမင် အီး

 

ဦးရေပြားသို့ သွေးလှည့်ပတ်မှု အားကောင်းစေပြီး ချို့တဲ့တဲ့အခါ ဆံပင်မွေးညင်းပေါက်များသို့ သွေးရောက်ရှိမှု နည်းပါးစေပါတယ်။


 
ဆံပင်ကျွတ်ခြင်းကို ကာကွယ်ရန်နည်းလမ်းများက..

 

-        အသီးအရွက်များ၊ ပဲအမျိုးမျိုး၊ ပရိုတိန်း၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီတို့လို အာဟာရဓာတ်ကြွယ်ဝတဲ့ အစားအစာများ လုံလောက်စွာ စားပေးသင့်ပါတယ်။

 

-        ဗိုက်တာမင် အေ၊ ဘီ၊ စီ၊ ဒီ၊ အီးပါဝင်တဲ့ စားစရာများကို ထည့်သွင်းစားသုံးရပါမယ်။

 

-        လိုအပ်တဲ့ ဖြည့်စွက်စာများ စားသုံးရန် ကျန်းမာရေးပညာရှင်များနဲ့ တိုင်ပင်သင့်ပါတယ်။

 

-        ဆံပင်လေမှုတ်စက်၊ ဖြောင့်ဆေး၊ ကောက်ဆေးတို့ဟာ ဆံခြည်မျှင်ကို အားနည်းစေတာကြောင့် အတတ်နိုင်ဆုံး ရှောင်ရှားသင့်ပါတယ်။

 

-        ဆံပင်စိုနေတဲ့အခါ ပြင်းပြင်းထန်ထန် ဆံပင်ဖြီးခြင်းမျိုးကို မပြုလုပ်သင့်ပါ။

 

-        ဆံပင်ကို နေရောင်ခြည်နဲ့ ကြာရှည်စွာ ထိတွေ့စေခြင်းမျိုးကို ရှောင်ရှားသင့်ပါတယ်။

 

-        ကာလကြာရှည်စွာ ဖိစီးမှုခံစားရပါက ဆံပင်ကျွတ်နိုင်ပြီး လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း၊ တရားထိုင်ခြင်း၊ ဝါသနာပါရာ အလုပ်များ ပြုလုပ်ခြင်းဖြင့် ဖိစီးမှုကို လျှော့ချနိုင်ပါတယ်။

 

-        ဆံပင်ကျွတ်စေတဲ့ ဗိုက်တာမင်ချို့တဲ့မှု၊ ကျန်းမာရေးပြဿနာများ သိရှိစေရန် ကျန်းမာရေးပညာရှင်များနဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

 

#World_Health #ဆံပင်ကျွတ်ခြင်း #ဗိုက်တာမင်ချို့တဲ့မှု #ကာကွယ်နိုင်သည့်နည်းလမ်း #Source: DoctorNDTV